မိကျောင်းကန်အရေး မြို့တော်ခန်းမကို ပိတ်ဆို့ဆန္ဒပြ

မိကျောင်းကန်အရေး မြို့တော်ခန်းမကို ပိတ်ဆို့ဆန္ဒပြ
by -
မဇ္စျိမ

 မြေသိမ်းခံရခြင်းနှင့် ပတ်သက်၍ ညှိနှိုင်းပေးရန် ဒုတိယနေ့ အရှိန်မြှင့်တောင်းဆိုသည့် အနေဖြင့် မိကျောင်းကန် သပိတ်စခန်း ဆန္ဒဖော်ထုတ်သူတို့က ဆူးလေဘုရားဖက်ခြင်းရှိ ရန်ကုန်မြို့တော်ခန်းမ ဝင်ပေါက် တစ်ခုကို ဒီဇင်ဘာလ ၁၂ ရက် နေ့လည်၃ နာရီခွဲမှ စတင်၍ ပိတ်ဆို့ ဆန္ဒပြကြသည်။

ဆန္ဒပြသူတို့သည် လွန်ခဲ့သော ၂၆၄ ရက်ကတည်းက မြို့တော်ခန်းမရှေ့ မဟာဗန္ဒုလပန်းခြံဘေးတွင် သပိတ်စခန်း ဖွင့်လှစ်တောင်း ဆိုနေခြင်း ဖြစ်သည်။ ၎င်းတို့က တာဝန်ရှိသူတို့အနေဖြင့် တစ်ပတ်အတွင်း ဖြေရှင်းမပေးပါက ဆန္ဒပြမှုအရှိန်မြှင့်မည်ဟု ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ကြေညာ ထားပြီးဖြစ်သည်။

Meechaungkan-Agrarian-02-3

သပိတ်ခေါင်းဆောင် ဦးမောင်မောင်က “ညှိနှိုင်းပေးဖို့ သွားရောက်တောင်းဆိုတာ။ စည်ပင်ဘက်ပြန်ပြီး သီချင်းဖွင့်ထားတယ်” ဟု ပြောသည်။ ၎င်းတို့ ပိတ်ဆို့တောင်းဆိုနေစဉ် တစ်နာရီခန့်အကြာမှစ၍ မြို့နယ်ခန်းမအတွင်းမှ သီချင်းများ ကျယ်လောင်စွာ ဖွင့်လှစ်ခြင်းကြောင့် ကြွေးကြော်မှုကို ရပ်ဆိုင်းထားရသည်ဟု အစိုးရနှင့် ညှိနှိုင်းရေးကော်မတီဝင် (သပိတ်စခန်းဖက်မှ)လည်းဖြစ်သူ ဦးမောင်မောင်က ဆိုသည်။

ဆန္ဒထုတ်ဖော်နေသူများက မိမိတို့သိမ်းဆည်းခံရသည့် မြေကို လည်းကောင်း၊ အလားတူ ကာလတန်းဖိုးရှိသည့် နစ်နာကြေးကို လည်းကောင်း၊ အစားထိုးမြေကို လည်းကောင်း ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးရာတွင် တောင်းဆိုခြင်းဖြစ်ပြီး ယင်းသပိတ်စခန်း နေသူများက ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါ အဝင် အစိုးရအဖွဲ့များသို့ အိုးအိမ်မြေယာအရေး ညှို့နှိုင်းဆွေးနွေးပေးရန် ဒီဇင်ဘာလ ၄ ရက်က စာပို့ တောင်းဆိုထားသည်။

ဒီဇင်ဘာ ၁၁ ရက်နံနက်ပိုင်းကလည်း ဆန္ဒပြသူတို့က ဆူးလေစေတီတော်တွင် ဆုတောင်း၊ သစ္စာဆိုခြင်း၊ မြို့တော်ခန်းမရှေ့ကို မျက်နှာမူ၍ ကြွေးကြော်ဆန္ဒထုတ်ဖော်ခြင်းတို့ ပြုလုပ်ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မြေသိမ်းခံရခြင်းနှင့်ပတ်သက်ပြီး ၄င်းတို့က ၂၀၁၃ ခုနှစ်အတွင်းမှစ၍ ဖြေရှင်းပေး ရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။ ပထမအကြိမ် သပိတ်စခန်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂ ရက်မှ ၆ရက်အထိ၊ ဒုတိယအကြိမ်  သပိတ်စခန်းကို နိုဝင်ဘာလ ၂၆ မှ ဒီဇင်ဘာလ ၁၂ ရက်အထိ ဖွင့်လှစ်ဖူးသည်။

ထို့နောက် ၂၀၁၄ ခုုနှစ် မတ်လ ၂၄ ရက်က မဟာ ဗန္ဓုလပန်းခြံအနီးရှိ ရန်ကုန် တရားလွှတ်တော်ရုံးရှေ့တွင် သပိတ်စခန်း ပြန်လည်ဖွင့် လှစ် တောင်းဆိုနေကြခြင်း ဖြစ်သည်။

Most read this week