၂၀၁၅ အတွက် လူထုထောက်ခံမှု အားနည်းသောမြို့များကို ဒေါ်စုကိုယ်တိုင် စည်းရုံးရေးဆင်းမည်

၂၀၁၅ အတွက် လူထုထောက်ခံမှု အားနည်းသောမြို့များကို ဒေါ်စုကိုယ်တိုင် စည်းရုံးရေးဆင်းမည်
by -
မဇ္စျိမ

 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က၂၀၁၅ အတွက် လူထုထောက်ခံမှု အားနည်းသော မြို့များကို ဒေါ်စုကိုယ်တိုင် သွားရောက်စည်းရုံးရန် စီစဉ်ထားကြောင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါ်အောင်ဆန်း စုကြည်၏ လုံခြုံရေးအရာရှိ၊ အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ (မန္တလေးတိုင်း) လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးဝင်းထိန်က မဇ္စျိမကို ပြောသည်။

“အနုပညာရှင်တွေ ပါဝင်ပြီး အားနည်းတဲ့မြို့နယ်တွေကို သွားမယ်။ သိပ်အားနည်းတဲ့ မြို့တွေဆိုရင် ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ပြီး စည်းရုံးရေးလုပ်ဖို့ စီစဉ်ထားတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

NLD-Party-1

အားနည်းသည့် မြို့နယ်များအဖြစ် အခြားသောပါတီများ များပြားစွာရှိသော မြို့များကို ဆိုလိုခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်က လစ်လပ်နေရာများတွင် ပြည်သူ့ဆန္ဒခံယူခဲ့စဉ်ကလည်း ထို့ကဲ့သို့ လုပ်ဆောင်ခဲ့ဖူးကြောင်း ၎င်းရှင်းပြသည်။

“အားနည်းတဲ့နေရာဆိုတာ တစ်ဖက်ပါတီက သိပ်အားကောင်းတဲ့ တောင်သာ (မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်) လို မျိုးပေါ့” ဟု ၎င်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ စက်တင်ဘာ ၂၇ ရက်တွင် ပါတီအဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရပ်ကျေးအဖွဲ့ပေါင်း ခြောက်သောင်းကျော်တွင် ညီလာခံ ပြုလုပ်တင်မြှောက်ခဲ့သော ပါတီဖြစ်သောကြောင့် ရွေးကောက်ပွဲအတွက် သီးသန့်ပြင်ဆင်ရန်မရှိသေးကြောင်း အန်အယ်လ်ဒီ မန္တလေတိုင်း အတွင်းရေးမှူး ဦးတင်ကိုကိုက ပြောသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၃၃၀ ကျော်တွင် ညီလာခံများပြုလုပ်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ဗဟိုညီလာခံ) အထိ ဖွဲ့စည်းထား၍ လူငယ်များကို သီးသန့်မွေးထုတ်ရန် မရှိကြောင်း ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အဖွဲ့ဝင် Smart Card ထုတ် ပေးထားသူပေါင်း လေးသန်းကျော် ရှိကြောင်း၊ မန္တလေးတိုင်းအတွင်းတွင် တစ်မြို့နယ်လျှင် အဖွဲ့ဝင်သုံး ထောင်ကျော်ရှိကြောင်း သိရသည်။

Most read this week