ချင်းတွင်းမြစ်ကို သုတေသန ပြုလုပ်မည်

ချင်းတွင်းမြစ်ကို သုတေသန ပြုလုပ်မည်
by -
မဇ္စျိမ

 စစ်ကိုင်းတိုင်း၊ ခန္တီးမြို့အထက်ပိုင်းရှိ ချင်းတွင်းမြစ်ကြောင်းကို ကာကွယ်ထိန်းသိမ်းရန် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ လမှစ၍ သုတေသနလုပ်ငန်းများ စတင်ပြုလုပ်သွားမည်ဟု ချင်းတွင်းချစ်သူများအဖွဲ့ ဦးဆောင်သူ ကိုအောင်ဆန်းမြင့်က မဇ္ဈိမကို ပြောသည်။

ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် သောင်ထွန်းတိမ်ကောမှုနှင့် ရေထုညစ်ညမ်း လာမှုကိုအပိုင်းလိုက် သုတေသန ပြုလုပ်သွားမည်ဖြစ်ပြီး သုတေသနမှရရှိလာသော အချက်များကို နိုင်ငံတော်အစိုးရအဖွဲ့၊ တိုင်း အစိုးရအဖွဲ့နှင့် နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့် ရှောက်သောအဖွဲ့များ၊ NGO အဖွဲ့များထံ တင်ပြသွားမည်ဟု ၎င်းက ပြောသည်။

Chintwin-River

“ကျွန်တော်တို့ အဓိကက ချင်းတွင်းမြစ် ရှင်သန်ရေးအတွက်ပဲ။ သုတေသနကို အပိုင်းလိုက်လုပ်မယ်။ လုပ်လို့ရတဲ့ တစ်ပိုင်းချင်းစီက အချက်အလက်တွေကို တင်ပြသွားမှာပဲ။ အပိုင်းလိုက်ပြီးတာနဲ့ အားလုံးရတဲ့ သုတေသနအချက်တွေကို စုပေါင်းပြီး နောက်ဆုံးအဆင့်အနေနဲ့ တင်ပြသွားမယ်။ပထမအဆင့်အနေနဲ့ ရေ ကို ဓာတ်ခွဲစမ်းသပ်ဖို့ စီစဉ်နေပါတယ်”ဟု ကိုအောင်ဆန်း မြင့်က ပြောသည်။

ချင်းတွင်းမြစ်ရေကို သောက်သုံးရန် သင့်မသင့်နှင့် ပြဒါးပါ၀င်မှုနှုန်း သိရှိစေရန် ၂၀၁၅ ခုနှစ်၊ မတ်လတွင် ရန်ကုန်မြို့၌ ဓာတ်ခွဲစမ်းသပ်မှု များ ပြုလုပ်သွားမည်ဟု ဆိုသည်။

“ချင်းတွင်းမြစ်က ပျက်စီးသလောက် ဖြစ်နေပြီ ဒီအတိုင်းဆက်သွားမယ်ဆို နောက် ၁၀ နှစ်အတွင်းမှာ ချင်း တွင်းမြစ်ဟာ ချောင်းသာသာပဲ ရှိတော့မယ်။ ပြီးတော့ ကျွန်တော်တို့နယ်ခံတွေ ချင်းတွင်းရေကို မသောက် တာ သုံးနှစ်ရှိသွားပြီ၊ သောက်လို့လည်း မဖြစ်ဘူး။ ရွှေတူးဖော်တဲ့ သူတွေက မြစ်ထဲကို ရေစွန့်နေကြ တယ်။ ရေမှာ ပြဒါးတွေ ပါနေတယ်။ ဒါကို တားမယ့်သူ မရှိဘူး။ ပြောမယ့်သူ မရှိဘူး။ ဒေသခံ အများစုက အဲဒီဘေး ထွက်ဆိုးကျိုးကို ခံနေရတယ်” ဟု ကိုအောင်ဆန်းမြင့်က ပြောသည်။

ခန္တီးမြို့အထက်ပိုင်းတွင်ရှိသော မှန်ပင်၊ ဖေါင်ကိုင်၊ ရွှေမြင့်မိုရ်၊ တိုက်တီး၊ ပဒူးမုန်းနှင့် ခန္တီးအောက်ပိုင်းတွင် ကျားကိုက်၊ မလင်း၊ မင်းစဉ်၊ ကောင်းဟိန်၊ နန့်ဖီး လင်းစသည့်ကျေးရွာတို့ရှိ ရွှေတူးဖော် နေသူများက ချင်းတွင်းမြစ်အတွင်းသို့ ရေစွန့်ပစ်နေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိ နေပြီဖြစ်သောကြောင့် ချင်းတွင်းမြစ်မှာ တိမ်ကောနေပြီး ရေကြောင်းများကျပ်ကာ သဘာဝရေအရင်းအမြစ်များ ပျက်စီးပြီး ငါးမျိုးစိတ်များ နည်းပါး လာသည်ဟု ခန္တီးမြို့ခံများက ပြောသည်။

ချင်းတွင်းမြစ်ကြောင်းသည် မုံရွာမြို့မှ စတင်၍ ခန္တီးမြို့အထက်ပိုင်းအထိ ၂၀၀၈ ခုနှစ်မှစ၍ သိသိသာသာ သောင်ထွန်းပြီးရေကြောင်း ကျပ်လာရာ ရေကြောင်း သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲများဖြစ်လျက် ကုန်စျေးနှုန်းများလည်း သိသိသာသာမြင့်တက်လာ သည်ဟု ဒေသခံများက ဆိုသည်။

Most read this week