ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းများကို မြှင့်တင် ဆောင်ရွက် နိုင်ရေး အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ချေးငွေ ထုတ်ချေးမည်ဟု ဒီဇင်ဘာလ ၉ ရက်တွင် အတည်ပြုခဲ့သည်။
ကမ္ဘာ့ဘဏ်၏ အမှုဆောင် ဒါရိုက်တာအဖွဲ့သည် မြန်မာနိုင်ငံ၏ ရေအရင်း အမြစ် အပါအဝင် ဧရာဝတီ မြစ်ဝှမ်း ဘက်စုံစီမံခန့် ခွဲမှုနှင့် ဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်း များကို မြှင့်တင်ဆောင် ရွက်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ် အုပ်စု၏ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေး အသင်း ရန်ပုံငွေထံမှ ကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေ ထုတ်ချေးရန် အတည်ပြု ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီမြစ်ဝှမ်း ဘက်စုံ စီမံခန့်ခွဲရေး စီမံကိန်းသည် လယ်ယာစိုက်ပျိုး ရေးကဏ္ဍကဲ့သို့ ရေရရှိရေး အပေါ်တွင် တည်မှီနေသည့် လုပ်ငန်းများ၌ အသက်မွေး ၀မ်းကျောင်းလုပ်ကိုင်နေသည့် သန်းချီသည့် အခြေခံ လူတန်း စားများ အကျိုးရှိစေရန် ဆောင်ရွက်သွားမည့် စီမံကိန်းဖြစ်သည်။
စီမံကိန်းတွင် မိုးခေါင်ရေရှားမှု၊ ရေလွှမ်းမိုးမှု၊ မုန်တိုင်းအန္တရာယ်များ ကျရောက်နိုင်သည့် ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ၏ ဘဝနှင့် အသက်မွေး ၀မ်းကျောင်းလုပ်ငန်းများကို ကာကွယ်ရန်အပြင် ဧရာဝတီ မြစ် ရေရှည်တည် တံ့ရေးထိန်း သိမ်းဆောင်ရွက် မှုလုပ်ငန်းများကို တိုးမြှင့်ဆောင် ရွက်သွား မည်ဖြစ် သည်။
ထို့ပြင် ဧရာဝတီမြစ် ကြောင်းအတွင်း ရေကြောင်းမောင်း နှင်သွားလာမှု ကောင်းမွန်ရန် ပ့ံပိုးဆောင် ရွက်မည်ဖြစ်ပြီး စီးပွားရေးအရ ပိုမိုအလား အလာကောင်း အောင် လုပ်ဆောင်ရန်အတွက် ရည်ရွယ်ထားပြီး လက်ရှိတွင် မြစ်ရေနုန်း ပို့ချမှုများသည် မြစ်ကြောင်းမောင်း နှင်သွားလာ မှုအတွက် အဓိကစိန် ခေါ်မှုဖြစ်နေ သည်။
ကမ္ဘာ့ဘဏ်၏ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဗ္ဗဒူလာ ရေဆက်က "ဒီစီမံကိန်းက လယ်ယာ ထွက်ကုန် တွေနဲ့ ဝင်ငွေတွေကို တိုးတက်ထုတ် လုပ်နိုင်အောင် ဆောင်ရွက် နိုင်မှာဖြစ်လို့ မြစ်ကြောင်း တစ်လျှောက်နေ ထိုင်တဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားရေးကို သိသိသာသာ တိုးတက်စေလိမ့် မယ်လို့ ကျွန်တော်တို့မျှော် လင့်ပါတယ်"ဟု ပြောသည်။
ကမ္ဘာ့ဘဏ်သည် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အနာဂတ်တွင် ပြုလုပ်မည့် ရင်းနှီးမြှပ်နှံမှုများနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာ တွင်သတင်း အချက်အလက် မှန်မှန်ကန်ကန် ရရှိရေး အတွက်လည်း မြန်မာနိုင်ငံ အစိုးရကို ကူညီသွား မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ မိုးလေဝသ သတိပေးစနစ်များကို ခေတ်မီအောင် ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် အန္တရာယ် ကျရောက်လွယ်သည့် ဒေသများကို ကာကွယ် နိုင် မည်ဖြစ်ပြီး တိကျသည့် လယ်ယာ စိုက်ပျိုးရေး အကြံပြုချက်များ ရရှိနိုင်ရန် ဆောင်ရွက် ပေးခြင်းဖြင့် လယ်သမားများ၏ ထုတ်လုပ် နိုင်စွမ်းကို တိုးမြှင့်ပေး နိုင် မည် ဖြစ်သည်။