ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေး ရွာအုပ်စု၊ ရေဖြူကန်ကျေးရွာတွင် ခဲသတ္တုတူးဖော် သန့်စင်နေသည့် GPS Joint Venture ကုမ္ပဏီ၏ သတ္တု သန့်စင်စက်ရုံကို ဒီဇင်ဘာလ ရ ရက် နေ့လယ်ပိုင်းအချိန်တွင် ဒေသခံအယောက် ၂၀၀ ကျော်က ဝင်ရောက်ဖြို ဖျက်လိုက်သည်ဟု ရေဖြူကန်ကျေးရွာနေ မခိုင်သွယ်ဦး နှင့် ဒေသခံတို့က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
အဆိုပါ ကုမ္ပဏီ၏ သတ္တုတူးသန့်စင်သည့် လုပ်ငန်းကို ရပ်ဆိုင်းပေးရန် ရေဖြူကန် ရွာသူရွာသားများက လိုလားလျက်ရှိနေပြီး သတ္တု သန့်စင်လုပ်ငန်း ရပ်ဆိုင်းပေးမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများရှေ့တွင် ကတိပေးခဲ့သော်လည်း ပျက်ကွက်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
ခဲသတ္တုသန့်စင်လုပ်ငန်းကြောင့် ကျေးရွာသူ၊ ကျေးရွာသားများ၊ ခဲဆိပ်သင့်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ ကျေးရွာသုံး သောက်ရေကန်များ ညစ်ညမ်းမှုတို့ ဖြစ်ပေါ်နေသည်ဟု ဒေသခံတို့က ယူဆလျက်ရှိသည်။ ထို့ကြောင့် သတ္တုသန့်စင်လုပ်ငန်းကို ရပ်ပေးရန် တောင်းဆို ခဲ့သော်လည်း လုပ်ငန်းဆက်လက် လည်ပတ်နေခြင်းကြောင့် ဒေသခံတို့က ထိုသတ္တု သန့်စင်အလုပ်ရုံကို ဖျက်ပစ်ခြင်းဟု ဆိုသည်။
“မထွက်သွားဘဲ ဆက်လက်လုပ်နေတဲ့အတွက် တစ်ရွာလုံးက ဝိုင်းဖြိုပစ်လိုက်တာ” ဟု ရေဖြူကန်ရွာသူ မခိုင်သွယ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါအခြေအနေကို ကလောမြို့နယ် ရဲစခန်းနှင့် ဒေသအာဏာပိုင်များထံ ဆက်သွယ်မေးမြန်းရာတွင် ဖြေဆိုခွင့်မရှိသေးဟု ပြန်လည်ပြော ဆိုသည်။ ရွာသူရွာသားများ အဆိုပါလုပ်ငန်းကို ဖျက်ဆီးမှုကို တစ်စုံ တစ်ရာအရေးယူမှု မရှိသေးဟုလည်း ဒေသခံတို့က ဆိုသည်။
“ဒီတရုတ်ကုမ္ပဏီဘက်က ရွာကိုလည်း တန်ဖိုးမထား၊ အလေးမထားဘဲ ကတိမတည်လို့ ကျေးရွာသူ၊ ရွာသားတွေ ဒေါသပေါက်ကွဲ ထွက်ကုန်ပြီး ဒီလိုပဋိပက္ခတွေ ဖြစ်ကုန်တာ” ဟု ရေဖြူကန် ဒေသခံ ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ Joint Venture Co.ltd သတ္တု သန့်စင်စက်ရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသို့ ဆက်သွယ်မေးမြန်းရာတွင် စက်ရုံကိုပိုင်ဆိုင်သည့် လုပ်ငန်းရှင် မရှိသေးသည့်အတွက် မဖြေဆိုနိုင်သေးဟု ပြောသည်။
ကလောမြို့နယ် ဘောဆိုင်းကျေးရွာ အုပ်စုတွင် ခဲသတ္တုတူးဖော်နေသည့် ကုမ္ပဏီ ၁၆ ခုရှိပြီး Joint Venture Co.ltd သည် ကုမ္ပဏီကြီး တစ်ခုဖြစ်သည်ဟု သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး EITI အဖွဲ့ (ရှမ်းပြည်) ၏ မှတ်တမ်းများတွင် ဖော်ပြသည်။