သံဃမဟာနာယက ပြန်ရွေးရန် လက်မှတ်ထိုးကောက်ခံမှု ရပ်နားထား

သံဃမဟာနာယက ပြန်ရွေးရန် လက်မှတ်ထိုးကောက်ခံမှု ရပ်နားထား
by -
မဇ္စျိမ

 သံဃာတော် ၄၇ ပါးဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ပြန်လည်ရွေးချယ်နိုင်ရန် လက်မှတ်ထိုးမှုများကို ကောက်ခံရာတွင် အခက်အခဲများ ကြံုတွေ့ရလျက်ရှိ၍ ခေတ္တရပ်ဆိုင်းထားသည်ဟု အထက်မြန်မာပြည် ရွှေဝါရောင် သံဃာတော်များ ကွန်ရက် (မန္တလေး)မှ ပြန်ကြားရေး၊ ဘဏ္ဍာငွေသုံးစွဲရေးနှင့် လုပ်ငန်းဆောင်ရွက်ရေးကော်မတီမှ ဆရာတော် ဦးစိန်္တိတက မဇ္ဈိမကို မိန့်သည်။

“လက်မှတ်ထိုးတဲ့စာရွက်ပေါ်မှာ သာသနာဝင် မှတ်တမ်းအတိအကျ၊ ကျောင်းအတိအကျတို့ ပါဝင်နေတယ်။ ဒီလိုပါ၀င်နေတဲ့ အတွက် လက်မှတ်ထိုးလိုက်ရင် တစ်ခုခုဖြစ်မှာကို စိုးရိမ်နေကြတယ်။ အာမခံချက်မရှိသလို ဖြစ်နေတယ်။ ဒါကြောင့် တချို့ကိုယ်တော်တွေက လက်မှတ်မထိုးကြတော့ဘူး” ဟု ဆရာတော်က မိန့်သည်။

Mandalay-Monks

သံဃမဟာနာယက ပြန်လည်ရွေးချယ်နိုင်ရန် နိုဝင်ဘာလ ၁၈ ရက်တွင် မန္တလေးမြို့၊ ကံတက်ကုန်း ကျောင်း တိုက် တွင် သံဃာအစည်းအဝေး ကျင်းပခဲ့ပြီး လက်မှတ်ထိုးများ စတင်ကောက်ယူခဲ့သည်။

“လက်မှတ်ထိုးလိုက်ရင် သက်ဆိုင်ရာတာဝန်ရှိသူတွေက အရှင်ဘုရားရဲ့ကျောင်းက ကိုယ်တော်တွေ ဘာ သာရေး၊ နိုင်ငံတွေမှာ ပါ၀င်နေတယ်။ ထိန်းပေးပါဆိုပြီး လျှောက်လိုက်ရင် ကျောင်းထိုင်ဘုန်းကြီး တွေက ဒီကိုယ်တော်တွေ ငါတို့မသိဘဲနဲ့ ဒီလိုတွေ လုပ်နေတယ်။ ကျောင်းမှာ မနေနဲ့ဆိုတဲ့ အတွေးတွေ ရှိတယ်။ အဲဒီလိုအမေးခံရရင် သူတို့မဖြေရှင်းနိုင်တာရယ်၊ ကျောင်းပျောက်သွားမှာလည်း စိုးရိမ်နေကြတယ်” ဟု ယင်း ဆရာတော်က မိန့်သည်။

နိုင်ငံတော် သံဃနာယက သက်တမ်းသည် ပုံမှန်အားဖြင့် ခြောက်နှစ်တစ်ကြိမ်ဖြစ်ပြီး ခြောက်နှစ်သက် တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခွင့် မရှိရဟု ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေတွင် ပြီးခဲ့သည့် မေ ၁၃ ရက်က ကျင်းပခဲ့သည့် ပ ဉ္စမအကြိမ် မြောက်ကျင်းပသည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးက ဆုံးဖြတ်ထား သည်။

“သံဃာဆန္ဒနဲ့ညီညွတ်တဲ့ သံဃာနာယက ဖြစ်အောင်လုပ်ဖို့ ဒီလက်မှတ်ထိုးတွေကို ကောက်ခံရတာ ဖြစ်ပါ တယ်။ သံဃာ့ဆန္ဒနဲ့ ညီညွတ်တဲ့အဖွဲ့အစည်း ဖြစ်အောင်လုပ်မယ့်သဘောပါ”ဟု မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသက မိန့်ဆိုထားသည်။

အဆိုပါ လက်မှတ်ကောက်ခံမှုများ ရပ်တန့်ထားခြင်းမှာ ယာယီသာဖြစ်ပြီး သံဃမဟာနာယက အဖွဲ့ကို ပြန်လည်ရွေးချယ်နိုင်ရန် လုပ်ငန်းဆောင်ရွက်မည့် အချိန်ကို မသတ်မှတ်ရသေးကြောင်း မိန့်ကြားခဲ့သည်။