အခြေခံဥပဒေသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် အဓိကထောက်ပံ့ပေးထားဟု ကာချုပ်ပြော

အခြေခံဥပဒေသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် အဓိကထောက်ပံ့ပေးထားဟု ကာချုပ်ပြော
by -
မဇ္စျိမ

 လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် တည်တည်ငြိမ်ငြိမ် လျှောက် လှမ်းနိုင်ရန် အဓိက အထောက်အပံ့ပေးထားသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆို လိုက်သည်။

အဆိုပါ အခြေခံဥပဒေကို တိုင်းရင်းသားကိုယ်စားလှယ်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ စုပေါင်းပြီး “စနစ်တကျ” ရေးဆွဲ ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

General-Mim-Aung-Hlaing

ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်းတွင် ဒီဇင်ဘာလ ၅ရက်က ပြုလုပ်သည့် စစ်တက္ကသိုလ်၊ ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၆) သင်တန်းဆင်းပွဲ မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးက အထက်ပါအတိုင်း ထည့်သွင်းပြော ဆိုသွားခြင်းဖြစ်သည်။

ပြင်ဆင်သင့်သည်ဟု အများစုက ထောက်ပြဝေဖန်နေသည့် အခြေခံဥပဒေသည် ပြည်ပနိုင်ငံများ၏ ဒီမိုကရေစီကို ပုံတူကူးချခြင်း မဟုတ်ဘဲ နိုင်ငံ၏ ပထဝီအနေအထား၊ ရိုးရာယာဉ်ကျေးမှုနှင့် ဓလေ့စရိုက် အစဉ်အလာတို့ကိုပါ စဉ်းစားသုံးသပ်ပြီး စနစ်တကျ ရေးဆွဲခဲ့သည်ဟုဆိုသည်။

သို့သော် အဆိုပါ အခြေခံဥပဒေသည် “၁၀၀ ရာခိုင်နှုန်းပြီးပြည့်စုံသည်ဟူ၍ မရှိဘဲ လိုအပ်ချက်များလည်း ရှိနိုင်ခြင်းကြောင့် ပြင်ဆင်ရမည် အချက်များ ရှိနိုင်လိမ့်မည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှတ်ချက်ပြုသည်။

တပ်မတော်အနေဖြင့်လည်း အခြေခံဥပဒေပါ ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်နိုင်ရန် လွှတ်တော်တွင်း တင်ပြ ဆွေးနွေးနေသည် ဟုလည်း ဆိုသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အခရာကျသော ပုဒ်မ ၄၃၆ ကိုမူ ပြင်ဆင်ရန်မသင့်ဟု တပ်မတော်သား အမတ်များက သဘောထားရှိနေသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအား တစ်နိုင်ငံလုံးတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာအတည်ပြုခဲ့သော ၂ဝဝ၈ ခုနှစ် မေလ ၁ဝ ရက်သည် ဖျက်အား ကမ္ဘာ့အဆင့်ရှစ်ရှိပြီး ပြည်သူတစ်သိန်းကျော်ကို သေစေခဲ့သော နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး ရက်သတ္တတစ်ပတ်ကျော်သာ ကြာသေးသည့် အချိန်ဖြစ်သည်။

အဆိုပါ ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်သူ ၉၂ ဒဿမ ၄ ရာခိုင်နှုန်းက ထောက်ခံခဲ့သည်ဟု နအဖအစိုးရက ကြေငြာခဲ့သည်။

Most read this week