မန္တလေးမြို့သို့ ရောက်ရှိနေသော နော်ဝေဘုရင်၏ ခရီးစဉ်ကို သတင်းယူရန် မီဒီယာဝင်ခွင့်ကတ်များ ထုတ်ပေးရာတွင် နိုင်ငံပိုင်မီဒီယာများကို သာထုတ်ပေးပြီး ပုဂ္ဂလိကပိုင် မီဒီယာများကို သတင်းယူခွင့်ကတ်များ ထုတ်မပေးနိုင်ကြောင်း ကတ်များကို တာဝန်ယူ ထုတ်ပေးနေသော မန္တလေးတိုင်း အထူးသတင်းတပ်ဖွဲ့ (SB)က ရဲမှူးကြီး မောင်မောင်ဌေးက မဇ္ဈိမကို ပြောသည်။
နော်ဝေဘုရင်သည် ဒီဇင်ဘာလ ၅ ရက် မွန်းလွဲ ၁၂ နာရီခန့်က ဧရာဝတီမြစ်ကြောင်း ခရီးဖြင့် မန္တလေးမြို့ ကို ရောက်ရှိလာသည်။
နော်ဝေဘုရင် လာရောက်သည်ကို သတင်းယူသော မန္တလေးအခြေစိုက် သတင်းမီဒီယာများကို သက်ဆိုင် ရာလုံခြံုရေးယူထားသော ရဲတပ်ဖွဲ့တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အမိန့်အရဟုဆို ကာ သတင်းယူခွင့်ကို တားဆီးမှုများပြုလုပ်ခဲ့ပြီး နိုင်ငံပိုင်မီဒီယာများနှင့် စကိုင်းနက် ရုပ်သံမီဒီယာတို့ကိုသာ သတင်းယူခွင့်ကတ်များ ထုတ်ပေးပြီး သတင်းယူခွင့်ပြုခဲ့သည််။
ယင်းကိစ္စနှင့်ပတ်သက်၍ မန္တလေး ခေတ်သတင်းဂျာနယ် အယ်ဒီတာချုပ်ကို မင်းဒင် (မန္တလေးတိုင်း သတင်းစာ ဆရာအသင်း ဒု-ဥက္ကဋ္ဌ) က “နိုင်ငံပိုင်မီဒီယာ၊ ပုဂ္ဂလိက မီဒီယာဆိုပြီး ခွဲခြားမဆက်ဆံသင့်ပါဘူး။ မီဒီ ယာအားလုံးက အများပြည်သူသိရှိဖို့လုပ်နေကြတာပါ။ အခုလိုခွဲခြား ဆက်ဆံတာဟာ အများပြည်သူသိ ရှိပိုင်ခွင့်ကို ချိုးဖောက်တာပဲ။ ဒီကိစ္စကို ကန့်ကွက်တယ်။ ရှုတ်ချပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ယင်းကဲ့သို့ တားဆီးမှုများ ပြုလုပ်သောကြောင့် မန္တလေးအခြေစိုက် မီဒီယာသမားများသည် သတင်းယူခြင်း များမပြုလုပ်ဘဲ ကန့်ကွက်မှုများပြု လုပ်ကြသည်။
“သတင်းသမားတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ခွင့်တောင်းတယ်။ ဒါကိုမရဘူး။ အခုလိုခွဲခြားပြီး လုပ်တော့ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရမှာလဲ။ ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်မှုအားနည်းတယ်။ ဒီထက် ပိုကောင်းအောင်လုပ်စေချင်တယ်။ အခုဟာက ပြန်/ဆက်က ရဲကိုုပုတ်၊ ရဲကပြန်/ဆက်ကို ပုတ်နေတယ်။ ဒါမျိုးလုံးဝမဖြစ်သင့်ဘူး” ဟု ဧရာဝတီသတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုတေဇာလှိုင်က မဇ္ဈိမကို ပြောသည်။
သတင်းယူခွင့်ကတ်များကို ထုတ်ယူရန် မန္တလေးတိုင်းပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသို့ သွားရောက်စုံစမ်းသော်လည်း အထူးရဲတပ်ဖွဲ့တွင်သာ ထုတ်ယူရန် ဦးစီးမှူးက ပြောသည်။
“အဆင်ပြေတဲ့နေရာ လုပ်ပေးနေတယ်။ လုပ်လည်း လုပ်နေတယ်။ သတင်းယူခွင့် ပေးနေပါတယ်” ဟု မန္တလေးတိုင်းဝန်ကြီး ချုပ်ဦးရဲမြင့်က မဇ္ဈိမကို ပြောသည်။
နော်ဝေဘုရင်သည် ဧရာဝတီမြစ်ဆိပ်မှ မန္တလေးတောင်၊ ကုသိုလ်တော် မြနန်းစံကျော်စသည့် နေရာများသို့ သွားရာတွင်လည်း ပုဂ္ဂလိကမီဒီယာများကို သတင်းယူခွင့်များ ဆက်လက်ပိတ်ပင်ခဲ့သည်။
“အခုလိုအငြင်းပွားမှုတွေဖြစ်မှ၊ မီဒီယာကို နှင်ထုတ်ပြီးမှ နေရာပေးတာကျ တော့မကောင်းဘူး။ ဒါကြောင့် ကျွန်တော်တို့ ဆက်ပြီး သတင်းမယူတော့ဘူး” ဟု RFA သတင်းထောက် ကိုဆက်ပိုင်တိုးက မဇ္ဈိမကို ပြော သည်။
မီဒီယာသမားများ သတင်းယူခွင့် တရားဝင်ရရှိစေရန် တိုင်းပြန်/ဆက်သို့ စာရင်းများပေးထားရာ ဒီဇင်ဘာ ၅ ရက် မနက် ၈ နာရီတွင် ကတ်များထုတ်ပေးမည်ဟု ဆိုသော်လည်း အမှန်တကယ် အထူးရဲတပ်ဖွဲ့ရုံးသို့ သွားရာတွင် ပုဂ္ဂလိက မီဒီယာများကို ကတ်ထုတ်မပေးကြောင်း ရဲမှူး ဦးမောင်မောင်ဌေးက ပြောသည်။