လာမည့် ၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်ပြီး သူငယ်တန်းမတက်မီ အသက် ၅ နှစ်အောက်အရွယ် ကလေးတိုင်း KG တန်း (သူငယ်တန်း မရောက်မီ အကြိုသင်ကြားခြင်း) ကို စတင်သင်ကြားရမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက မဇ္ဈိမကို ပြောသည်။
အဆိုပါ KG တန်းကို ကျောင်းသူ၊ ကျောင်းသားတိုင်း အခမဲ့သင်ကြားခွင့် ရမည်ဖြစ်သည်။ ဦးကိုလေးဝင်း က “ကလေးတွေကို သူငယ်တန်းမတက်ခင် အကြိုသင်ပေးတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဒီစနစ်ကို စနစ်သစ် အနေနဲ့သွားမှာ ဖြစ်ပါတယ်။ ကလေးတွေကို စာအရင် မသင်ပေးဘဲ စိတ်ပိုင်းဆိုင်ရာကအစ ပြုပြင်ပေးနိုင် အောင်ဖြစ်ပါတယ်။ အခြေခံပညာကျောင်းတိုင်း အခမဲ့စနစ်နဲ့ သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ KG တန်းကို အခြေခံပညာကျောင်းပေါင်း ၄၄,၄၀၁ ကျောင်းမှ ၅ နှစ်အောက် ကျောင်းသူ၊ ကျောင်းသား ၁၅ သိန်းဖြင့် စတင် အကောင်အထည် ဖော်သင်ကြားပေးမည်ဖြစ်သည်။
ထို KG တန်းမှ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုး ရေးသင်ကြားမှု၊ ဉာဏ်ဖွံ့ဖြိုးမှုဆိုင်ရာ လက်တွေ့သရုပ်ပြမှု၊ ကလေးများတီ ထွင်နိုင်စွမ်းရှိမှုစသည့် လက်တွေ့သရုပ် ပြမှုများသာ သင်ကြားမည် ဖြစ်သည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ တောင်ပို့သာ အထက်တန်းကျောင်းအုပ် ဆရာကြီးသန်းစိန်က “ကလေးတွေ ကို ကျောင်းအပ်ပြီးတာနဲ့ တစ်ခါတည်း စာသင်တော့ ကျောင်းမပျော်တော့တဲ့ ကလေးတွေ ဖြစ်ကုန်တာ တွေ့ရ ပါတယ်။ အခုလို ကျောင်းအပ်ပြီး စာမသင်ဘဲ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သင်ကြားမှုတွေလုပ်ပြီးမှ သင်ပေးရတော့ ကလေးတွေ စာတတ်အောင် ကျောင်းနေပျော်အောင် ပုံဖော်ရာမှာ ပိုပြီးလွယ်ကူစေတာ ပေါ့”ဟု ပြောသည်။
အခြေခံပညာကျောင်းများတွင် ကလေးများ ကျောင်းတက်ရောက်ပါက သူငယ်တန်းမှ စတင်တက်ရောက် သင်ကြားရပြီး လာမည့်ပညာသင်နှစ်မှစ၍ KG တန်း (သူငယ်တန်း မရောက်မီ အကြိုသင်ကြားပေး ခြင်း) ကို စတင်မည်ဖြစ်ပြီး ထို KG တန်းကို သင်ကြားပေးမည့် ဆရာ၊ ဆရာမများအတွက် နည်းပညာပိုင်းဆိုင်ရာများကို ဖွံ့ဖြိုးမှုနှင့် ကိုက်ညီသော သင်ကြားနည်းများကို တစ်လကြာ သင်ကြားပေးခြင်း၊ အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးပေးမည်ဟု ဦးကိုလေးဝင်း က ပြောသည်။
လက်ရှိအခြေခံပညာကဏ္ဍ မူလတန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူနှစ်သိန်းကျော် ပညာသင်ကြား လျက်ရှိပြီး မူလတန်းအဆင့်မှ အလယ်တန်းအဆင့် ဆက်လက်ပညာသင်ကြားမှု နည်းပါးခြင်းကြောင့် KG တန်းကို စတင်သင်ကြားရန် စီမံကိန်းချမှတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။
အခြေခံပညာကဏ္ဍတွင် စာသင်ချိန်၊ သင်ယူနည်း၊ စစ်ဆေးနည်း၊ စာဖြေနည်း၊ ဒေသတစ်ခု၏ သင်ရိုး၊ တိုင်းရင်းသားများ၏ ဘာသာစကား သင်ယူနည်း၊ သင်ရိုးနှင့်တွဲဖက်သင်ရိုးများ၏ အခန်းကဏ္ဍ၊ သင်ကြား သင်ယူနည်းစနစ် အားလုံးမှာ နိုင်ငံအဝန်း ကွဲပြားနေခြင်းကြောင့် တစ်ပြေးညီ တူညီစေရန် အခြေခံပညာ သင်ရိုးညွှန်း မူဘောင်တစ်ခုတည်းချမှတ်ပြီး ၂၀၁၅-၁၆ ပညာသင်နှစ်မှ စမည် ဖြစ်သည်။