စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ရှိ မူးယစ်ဆေးသုံးစွဲသူလူငယ်များ များပြားလာခြင်းကြောင့် အသိပညာပေးကာ မူးယစ်ဆေးဖြတ်ရန် အရပ်ဘက် အဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု ခန်္တီးမြို့နယ် မူးယစ်ကြီး ကြပ်ရေး (စေတနာ့ဝန်ထမ်း) ဥက္ကဋ္ဌ ဦးမင်းဆွေက မဇ္ဈိမကိုပြောသည်။
“ဆေးသုံးတဲ့လူ ပိုများလာတယ်။ ဒီမှာက ဆေးကပေါတယ်။ ဖမ်းဆီးမှုအားနည်းတယ်။ ဒါကြောင့် ရပ်မိရပ် ဖတွေနဲ့ညှိနှိုင်းပြီး အခုလိုအဖွဲ့ ဖွဲ့ပြီး ဖမ်းဆီးရေးတွေပါ လုပ်နေတယ်” ဟု ၎င်းကပြောသည်။
မူးယစ်ကြီးကြပ်အဖွဲ့ကို ၂၀၁၂ ခုနှစ်မှ စတင်၍ ဖွဲ့စည်းပြီး စုံစမ်းဖော်ထုတ် ဖမ်းဆီးပေးခြင်းများနှင့် မူးယစ်ဆေး စွဲနေသူများကို စည်းရုံးပြီး ဆေးဖြတ်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးများ ပြုလုပ်ပေးလျက်ရှိသည် ဟုဆိုသည်။
အဆိုပါ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုများကို သတင်းပေးပါကအချိန်နှင့် တစ်ပြေးညီဖမ်းဆီးပေးပြီး နာမည်ကြီး ရောင်းဝယ်သူများ ကိုလည်း စောင့်ကြည့်ဖမ်းဆီးမှုများ လုပ်ခဲ့သောကြောင့် မူးယစ်ဆေးရောင်း ဝယ်သူများနှင့် သုံးစွဲသူများ လျော့နည်းလာသည်ဟု ဦးမင်းဆွေက ဆိုသည်။
ယင်းမူးယစ်ဆေးသုံးစွဲသော လူငယ်များကို ခန္တီးပြည်သူ့ဆေးရုံတွင် အပတ်စဉ် မက်သဒုန်းဆေးများတိုက် ၍ ဆေးဖြတ်ပေး လျက်ရှိသည်ဟု ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ပြောသည်။
“ကျွန်တော်တို့ ဝိုင်းဝန်းကူညီလုပ်ပေး နေတယ်။ ဆေးဖြတ်နေတာကတော့ ဖမ်းတာမရှိဘူး။ ဆေးဖြတ်ရင်း ဆက်သုံးတာတွေ့ရင်တော့ အရေးယူမှာပဲ” ဟု ၎င်းကပြောသည်။
မက်သဒုန်းဆေးကို ခန်္တီးမြို့နယ်တွင် ၂၀၁၃ခုနှစ် အောက်တိုဘာ ၁၄ ရက်မှစတင်၍ မူးယစ်ဆေးစွဲနေ သောလူ ငယ်များကို ရှာဖွေစည်းရုံး၍ တိုက်ကြွေးလျက်ရှိရာ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်အထိ ၁၀၄ ဦးရှိကြောင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။
အဆိုပါ မူးယစ်ဆေးများသည် ခန္တီးမြို့နယ်အတွင်းသို့ တိုက်တီး၊ ဖာလမွန်နှင့် ဟုမ္မလင်းဘက်မှအဝင် များ ကြောင်း၊ ခန္တီးမြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု မရှိသော်လည်း နာဂဒေသတွင် စိုက်ပျိုးမှုရှိသည်ဟု အထွေထွေ အုပ်ချုပ်ရေးမှူးက ဆိုသည်။
“ကျွန်တော်တို့ ဖမ်းဆီးတာက အရှိန်မြှင့်လာတယ်။ ကျွန်တော်တို့က တရားရုံးရောက်တဲ့အထိ သက်သေ ထွက်ပေးတဲ့အထိ လုပ်ပေးတယ်။ အဖွဲ့အနေနဲ့က အန္တရာယ်အရမ်းများတယ်။
“ဒါပေမဲ့ နောက်မဆုတ်ပါဘူး။ ဆက်လုပ်သွားမယ်။ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းလုပ် ဆောင်နေတယ်။ မူးယစ်ဆေးတွေ ပပျောက်ဖို့က သူတို့ရဲ့အားလည်းလိုတယ်။ ပြီးတော့ ပတ်ဝန်းကျင်ရဲ့ အကူအညီလည်းလိုတယ်။ သူတို့ကလည်း သတင်းပေးဖို့လိုပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ပပျောက်ဖို့ပဲ။ လက်ရှိအနေအထားကတော့ငြိမ်နေပြီ။ စောင့်ကြည့်နေရတယ်” ဟု ဦးမင်းဆွေ က ပြောသည်။
စေတနာ့ဝန်ထမ်း မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးအဖွဲ့ကို ခန္တီးမြို့နယ်အတွင်း ရှိ ကျေးရွာများတွင် ဖွဲ့စည်းထားပြီး ခန္တီးမြို့ပေါ်တွင် အဖွဲ့ဝင် ၁၃ ဦးနှင့် လှုပ်ရှားနေပြီး၊ နန်စီမွန်တွင် ၂၉ ဦးဖြင့် ဆောင်ရွက်လျက်ရှိသည်။