ပြုပြင်ပြောင်းလဲရေး တုံ့နှေးနေသည်ဟု ပြောဆိုမှုများ ရှိနေခြင်းမှာ ကြီးမားသော စိန်ခေါ်မှုဖြစ်သည့် လတ်တလော ဖြေရှင်းရမည့် ကိစ္စများနှင့် ရေရှည်လုပ်ငန်းများ အသက်ဝင်ရန် ဖြေရှင်းနေရသောကြောင့်ဟု သမ္မတ ဦးသိန်းစိန် က ပြောဆိုလိုက်သည်။
“ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အသက်ဝင်ရှင်သန်ရေးအတွက် လိုအပ်တဲ့အခြေခံများကို တည်ဆောက်နေရတာ ဖြစ်တဲ့အတွက် ယနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဟာ တုံ့နှေးနေသည်ဆိုတဲ့ အားမလို၊ အားမရ ပြောဆိုမှုများ ရှိနေခြင်းဖြစ်ပါတယ်” ဟု ဒီဇင်ဘာ ၂ရက်က ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် သမ္မတက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ပြုပြင်ပြောင်းလဲရေးသည် စိန်ခေါ်မှုများကြောင့် တုံ့ဆိုင်းနေရခြင်းဖြစ်သည်ဟု သမ္မတ ဦးသိန်းစိန် က ပြောဆိုလိုက်သော် လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီးက မူ နောက်ကြောင်းပြန်လှည့်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေသည်ဟု ကုလအထွေထွေ ညီလာခံ သို့ အောက်တိုဘာလအတွင်းက အစီရင်ခံစာ တင်သွင်းထားသည်။
မြန်မာနိုင်ငံအတွင်း သတင်းစာ လွတ်လပ်ခွင့်အတွက် စိုးရိမ်နေရခြင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရသူများ ဆက်ရှိနေခြင်း၊ အမျိုးသမီးများ လွတ်လပ်စွာ ပြောဆိုခွင့်နည်းပါးနေခြင်းနှင့် အုပ်စုလိုက် ပဋိပက္ခဖြစ် နေမှုများ ရှိနေခြင်းတို့ကြောင့် ဒီမိုကရေစီရေး အတွက် နောက်ကြောင်း ပြန်လှည့်နိုင်သည်ဟု ယန်ဟီးလီး၏ အစီရင်ခံစာတွင် ရေးသားထားသည်။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမြအေးကလည်း “ပြောင်းလဲမှု အရှိန်အဟုန် ရပ်တန့်ပြီး နောက်ဆုတ်မယ့် အခြေအနေရှိတယ်” ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ပြီးခဲ့သည့်လက ပြော ဆိုထားသည်။
သို့သော် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်ရန် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို အမျိုးသားရေးအင် အားစု များအားလုံးနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟုလည်း အစိုးရသက်တမ်း တစ်နှစ်စွန်းစွန်းသာ ကျန်တော့သည့် သမ္မတက ဆိုသည်။
လက်ရှိနိုင်ငံရေးဖြစ်စဉ်ကိုလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဖြစ်ထွန်းရေးနှင့် ထိုဖြစ်စဉ်များရှင်သန်ရေး ကို အောင်မြင်အောင် ကြိုးပမ်းနေရသည့်ဖြစ်စဉ်အဖြစ် ရှုမြင်စေလိုသည်ဟုလည်း သမ္မတက အသိပေးပြောကြားခဲ့ သည်။
ထို့ပြင် နိုင်ငံရေးပဋိပက္ခများကို ဘက်နှစ်ဖက် ချဉ်းကပ်ဖြေရှင်းရန် ကြိုးပမ်းခြင်းထက် အမျိုးသားရေးအင်အား စုများနှင့် လက်တွဲဖြေရှင်းစေလို သည်ဟု ၎င်း၏ ဆန္ဒကို သမ္မတက ထုတ်ပြောခဲ့သေးသည်။
လက်ရှိ မြန်မာ့နိုင်ငံရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သမ္မတဦးသိန်းစိန်ပါဝင် သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ရန် ပြည်ထောင်စု လွှတ်တော်တွင် ဆုံးဖြတ်ထားသော်လည်း လတ်တလောမဖြစ်နိုင်သေးဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက လွတ်လပ်တဲ့ အာရှအသံ သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။
ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်ထားသည့် ခြောက်ပွင့်ဆိုင်မှာ သမ္မတ၊ လွှတ်တော် ဥက္ကဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော်မှ တိုင်းရင်းသား လွှတ်တော်အမတ် တစ်ဦးတို့ ဖြစ်သည်။