အမျိုးသားလွှတ်တော် ပီအာရ်ဒီဇိုင်းနှစ်မျိုး အခြေခံဥပဒေနှင့် ညီ၊ မညီ ခုံရုံးတင်မည်

အမျိုးသားလွှတ်တော် ပီအာရ်ဒီဇိုင်းနှစ်မျိုး အခြေခံဥပဒေနှင့် ညီ၊ မညီ ခုံရုံးတင်မည်
by -
မဇ္စျိမ

 အမျိုးသားလွှတ်တော်တွင် ကျင့်သုံးရန် ဆုံးဖြတ်ထားသည့် အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်)ဒီဇိုင်းနှစ်မျိုးအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့တင်ပြမည်ဟု ပါဝင်မည့်ကိုယ်စားလှယ်များက ပြောသည်။

အင်န်အယ်လ်ဒီပါတီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က "ကျွန်တော်တို့ အဲဒါနဲ့ပတ်သတ်ပြီး ဖွဲ့စည်းပုံခုံရုံးကို တင်ပြဖို့စီစဉ်နေပါတယ်၊ မကြာခင် တင်ပြသွားပါမယ်’’ ဟု ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၆ (ဃ) တွင် ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းအရေအတွက်ရှိသော ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို တင်သွင်းခွင့်ရှိသည်ဟု ပြဌာန်းထားသည်။

ဦးအောင်ကြည်ညွန့်က အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ် ၂၁၆ ဦးရှိသည့်အတွက် ဦးရေ ၂၁ ဦးလက်မှတ်ဖြင့် တင်ပါက လုံလောက်သော်လည်း ယခု ကိုယ်စားလှယ် ၃၀ ဦးထက် မနည်း လက်မှတ်ရရှိထားသည်ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါက်တာအေးမောင်က "ကျွန်တော်က နံပါတ် ၂၅ ဗျ၊ လက်မှတ်ထိုးထားတာ၊ ကျန်တောတော့ ဦးအောင်ကြည်ညွန့်ကို ဆက်မေးပါ’’ ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် သမ္မတ၊ ပြည်သူလွှတ်တော်နှင့် အမျိုးသားလွှတ်တော်များမှ ရွေးချယ် သူ သုံးဦးစီဖြင့် စုစုပေါင်း ၉ ဦးဖြင့် ဖွဲ့စည်းထားသည့်အတွက် တရားမျှတသော ဆုံးဖြတ်ချက်ဖြစ်မည် ဟု မျှော်လင့်သည်ဟု ဒေါက်တာအေးမောင်က ပြောသည်။

ပြီးခဲ့သည့်နို၀င်ဘာလ ၂၄ ရက်က အမျိုးသားလွှတ်တော်က ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကျင့်သုံးရန် ပီအာရ်ဒီဇိုင်းနှစ်မျိုးတင်သွင်းရာ အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ် ၂၄ ဦးက ကန့်ကွက်သော်လည်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေသည် လူတစ်ကိုယ်မဲတစ်ပြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ဦး ပေးထားသည့်အတွက် မဲအများဆုံးရသူ အနိုင်ရသည့်စနစ်(FTPT)သာ ကိုက်ညီပြီး ပီအာရ်စနစ်နှင့် မကိုက်ညီဟု ကန့်ကွက်သူများက ဆိုသော်လည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အမျိုးသားလွှတ်တော် ပီအာရ်ကော်မရှင် ဥက္ကဋ္ဌ ဦးဇော်မြင့်ဖေ တို့ကမူ ကိုက်ညီသည်ဟု ဆိုထားသည်။

မကြာသေးမီကလည်း ပြည်သူ့လွှတ်တော်တွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ရွေးချယ်ရန် ဆုံးဖြတ်ရာတွင် ဒီဇိုင်းတစ်မျိုးသာ ဖွဲ့စည်းပုံအခြေခံဥဒေနှင့်ညီပြီး ကျန်ဒီဇိုင်း ရ မျိုးသည် ဖွဲ့စည်းပုံ အခြေခံဥပေဒနှင့် မညီဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့သဖြင့် ပျက်ပြယ်ခဲ့ရသည်။

Most read this week