ရှမ်းပြည်နယ်တောင်ပိုင်း၌ တစ်လကျော်အတွင်း ဘိန်းစိုက်ခင်း ဧက ၉၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းထွန်း က ပြောသည်။
ဘိန်းစိုက်ခင်းများဖျက်ဆီးခြင်းကို အောက်တိုဘာ ၁၇ ရက်နေ့က စတင်ခြင်းဖြစ်သည်ဟု တောင်ကြီးမြို့ရှိ သီးသန့်ရဲစခန်းဝင်း၊ ရဲသူရခန်းမ တွင် နိုဝင်ဘာ ၂၈ ရက် က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြော ဆိုခြင်း ဖြစ်သည်။
"ခုတ်တာ ဖျက်တာ တစ်မျိုးတည်းနဲ့တော့ ဘိန်းက မပပျောက်နိုင်ပါဘူး၊ ဘိန်းအစားထိုးသီးနှံတွေ စိုက်ပျိုးပေးဖို့လည်း လိုအပ်နေပါတယ်” ဟု ရဲမှူးကြီး ဝင်းထွန်း က ပြောသည်။ လတ်တလောတွင်မူ ဘိန်းစိုက်တောင်သူများကို အရေးယူခြင်းမပြုသေးဘဲ စိုက်ခင်းများ ဖျက်ဆီးခြင်းနှင့် ပညာပေးစည်းရုံး ဟောပြောခြင်းတို့ကိုသာ ဆောင်ရွက်နေသည်ဟု ပြည်နယ်ရဲမှူးကြီးက ပြောသည်။
ရှမ်းပြည်နယ် အတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရန် ကုလသမဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာက ကူညီမှုများရှိနေသော်လည်း ခန့်မှန်း ဘိန်းစိုက်အိမ်ထောင်စု ၁၃၀၀၀၀ကျော်ရှိသည့် အနက် အိမ်ထောင်စု ၂၃၀၀ ကျော်ကိုသာ ထောက်ပံ့ထားနိုင်သည်ဟု ပြည်နယ် ရဲတပ်ဖွဲ့စာရင်းများက ဆိုသည်။
ထို့ကြောင့် ဘိန်းစိုက်တောင်သူတို့ကို ပံ့ပိုးမှုများပိုမိုလိုအပ်နေသကဲ့သို့ ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှု၊ ဘိန်းစိုက်ဒေသအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ကူညီမှု၊ ပြည်သူတို့၏ ပူးပေါင်းမှုများ လိုအပ်နေသည်ဟု ရဲမှူးကြီးဝင်းထွန်းက သုံးသပ်သည်။
ရှမ်းပြည်တောင်ပိုင်းဒေသများဖြစ်သည့် ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်မြို့နယ်များသည် ဘိန်းစိုက်ပျိုးမှု အများဆုံး မြို့နယ်များအဖြစ် မှတ်တမ်းဝင်ပြီး ယင်းဒေသအတွင်း ဘိန်းစိုက်ခင်းဖျက်ဆီးမှုကို မတ်လကုန်အထိ ဆက်လုပ်ရန် ပြည်နယ် ရဲတပ်ဖွဲ့က စီစဉ်ထားသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC ) ၏ ၂၀၁၃ခုနှစ် အစီရင်ခံစာက ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဘိန်းစိုက်ခင်း ၂၆၆၀၀ ဟက်တာ (ဧက ၆ သောင်းခွဲကျော်)၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဘိန်းစိုက်ခင်း ၁၈၄၀၀ ဟက်တာ (ဧက ၄ သောင်းခွဲ ကျော်)၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဘိန်းစိုက်ခင်း ၈၃၀၀ ဟက်တာ (ဧက ၂ သောင်းကျော်) စိုက်ပျိုးခဲ့ပြီး ရှမ်းပြည်နယ်တစ်ခုလုံး၏ ဘိန်းစိုက်ပျိုးမှုသည် တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမူ၏ ၉၂ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဖော်ပြထားသည်။
၂၀၁၃ခုနှစ်က ရှမ်းတောင်းပိုင်တွင် ဘိန်းခင်းဧက ခြောက်သောင်းခွဲကျော် ဖျက်ဆီးနိုင်ခဲ့သည်ဟု ပြည်နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။