ဝင်ငွေနည်း ပြည်သူများအတွက် အငှားအိမ်ရာနှင့် တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်ရန် အရေးပါသည့် အိမ်ရာဖွံ့ဖြိုးရေး ဥပဒေမူကြမ်းကို ၅၀ ရာခိုင်နှုန်းရေးဆွဲ ပြီးစီးသွားပြီဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွ့ံဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက နိုဝင်ဘာလ ၂၉ ရက်တွင်ပြောသည်။
အစိုးရသစ်လက်ထက်တွင် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ရေးဆွဲသည့် ဥပဒေနှစ်ရပ်ရှိကာ ကွန်ဒိုဥပဒေကို အတည်ပြုရန် လွှတ်တော်သို့ တင်သွင်းပြီးဖြစ်ပြီး အိမ်ရာဖွံ့ဖြိုးရေးဥပဒေကြမ်းကို ဥပဒေပညာရှင်များနှင့် ညှိနှိုင်းကာ ရေးဆွဲနေသည်ဟု ၎င်းကဆိုသည်။
“လက်ရှိဥပဒေတွေမှာ လုံလောက်မှု မရှိတာတွေရှိတယ်။ တချို့ဥပဒေတွေဟာ ခေတ်မမီတော့ဘူး။ အသစ် ရေးဆွဲဖို့လိုတာတွေ ရှိပါတယ်။ ခေတ်နဲ့လျော်ညီအောင် ပြန်လည်ပြင်ဆင်ဖို့ ကြိုးပမ်းနေပါပြီ” ဟု ဦးစိုင်းသက်နိုင်မိုးက ရှင်းလင်းသည်။
မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနသည် အစိုးရအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း လုပ်ငန်းအခက်အခဲများ စွာကြံု တွေ့နေရပြီး ယခင်အစိုးရ လက်ထက် မြေသိမ်းမှုများ၊ နွမ်းပါးသူတို့၏ အိမ်ရာလိုအပ်ချက် မြင့်မားနေမှု၊ အိမ်ရာထူထောင်ရန် ဘဏ္ဍာရေးစနစ်၊ အိမ်ရာ စီမံကိန်း အရည်အသွေး ထိန်းသိမ်းခြင်း၊ ကာလတိုအတွင်း အိမ်ခြံမြေစျေး အဆမတန်မြင့်တက်မှု၊ သုတေသနနှင့် သတင်းအချက်အလက် စုဆောင်းနိုင်စွမ်းအား နည်းပါးနေခြင်း၊ ပြည်သူတို့၏ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်များ စသည်တို့ကို အရေးတကြီး ဖြေရှင်းနိုင် ရန်လိုအပ်နေကြောင်း ဦးစိုင်းသက်နိုင်မိုးက သုံးသပ်သည်။
အိမ်ခြံမြေစျေး အဆမတန်မြင့်တက်လာမှုကြောင့် လူလတ်တန်းစားနှင့် အခြေခံလူတန်းစားများတွင် အိမ်ပိုင်ဆိုင်ခွင့်ရှိစေရန် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ ပိုမိုလိုအပ်လာသည်ဟု အိမ်ခြံမြေစျေးကွက် ကျွမ်းကျင်သူများက ပြောသည်။
အိမ်အရောင်းအဝယ်ပြုလုပ်ရာတွင် စနစ်တကျ စာချုပ်မချုပ်ခြင်း၊ အခွန်မဆောင်ဘဲ ရောင်းဝယ်မှုပြုလုပ် ခြင်း သည် အိမ်ခြံမြေစျေးတက်ရန် အခွင့်အရေးတစ်ရပ်ဖြစ်နေပြီး ဥပဒေကို အားလုံးလေးစားလိုက်နာရန် တာဝန်ရှိသည်ဟု Counselling အိမ်ခြံမြေ၊ အထွေထွေရောင်း ဝယ်ရေးနှင့် ဥပဒေအကြံပေး ဦးအောင်တင် က ပြောသည်။
ကာလတိုအတွင်း အိမ်ခြံမြေစျေးနှုန်း မြင့်မားလာခြင်းနှင့်အတူ နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်ပမာဏနှုန်းထား မညီမျှမှုများက စျေးနှုန်း ကိုပိုမိုလှုပ်ရှားစေသည်ဟု အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဌေးမြင့်က ပြောသည်။