အပစ်ရပ်စာချုပ် ခရစ္စမတ်မတိုင်မီ ဆွေးနွေးရန် အစိုးရ အဆိုပြု

အပစ်ရပ်စာချုပ် ခရစ္စမတ်မတိုင်မီ ဆွေးနွေးရန် အစိုးရ အဆိုပြု
by -
မဇ္စျိမ

၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ဆွေးနွေးရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)တို့  ဒီဇင်ဘာ ၂၅ရက် (ခရစ္စမတ်နေ့) မတိုင်မီ ပြန်လည်တွေ့ဆုံရန် အစိုးရဘက်က အဆိုပြုလိုက်သည်။

NCCTနှင့် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ခြင်း ဗဟိုဌာန (MPC)မှ ကိုယ်စားလှယ်များ နိုဝင်ဘာ ၂၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးစဉ် MPC ဘက်က အဆိုပြုခဲ့ခြင်းဖြစ်ပြီး NCCT ဘက်ကမူ အဖြေမပေးရသေးပေ။

NCCT

“အမြန်ထပ်တွေ့နိုင်ဖို့ ခရစ္စမတ်မတိုင်ခင်မှာ ပြန်တွေ့ဖို့၊ ကျွန်တော်တို့ဘက်က အဖြေမပေးသေးဘူး။ ကျွန်တော်တို့ထဲမှာ ပြေလည်အောင် ညှိနှိုင်းရမယ်။ လိုင်ဇာမှာ ဖြစ်တဲ့ကိစ္စအပေါ်မှာ တချို့က ခံစားချက်တွေ မကောင်းဘူး။ အဲဒါတွေ ရှိနေတော့ ကျွန်တော်တို့ကြားမှာ ရှင်းလင်းပြီးမှ ကျွန်တော်တို့ အဖြေပေးနိုင်မယ်”ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

၎င်းအဆိုပြုချက်အပေါ် NCCT ဘက်မှ မကြာမီ ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေး၍ အစိုးရနှင့် ပြန် လည် တွေ့ဆုံမည့်ရက်ကို သတ်မှတ်ကာ အကြောင်းကြားမည်ဟုဆိုသည်။

“နေပြည်တော်မှာ ဆွေးနွေးတဲ့ အချက်တွေပဲ။ အဓိက တပ်ပိုင်းဆိုင်ရာ လုံခြံုရေးဆိုင်ရာ ပြန် လည် ပေါင်းစည်းခြင်း ကိစ္စကို ကျွန်တော်တို့ ဘက်က နှစ်ဖက် လက်မခံနိုင်တဲ့ အနေအထားအပေါ်မှာ ဟိုဘက်က ပြန်စဉ်းစား အဆိုပြုလာတာကို တတိယမူကြမ်းအဆင့်မှာ ပြန်ထားဖို့ သူတို့ဘက်က အဆိုပြုတယ်။ အဲဒါဖြစ်ရင်တော့ ကောင်းတယ်။ တပ်ရဲ့ သဘောထားမရသေးဘူး” NCCT နှင့် MPC တို့ နှစ်ဖက်ဆွေးနွေးမှု အား နိုင်ဟံသာက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်က နေပြည်တော်တွင် UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် NCCT ခေါင်းဆောင် နိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ် ၄ဦးတို့ အလွတ်သဘောတွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်ရပ်သဘောတူ စာချုပ်မူကြမ်းအပေါ် ဆွေးနွေးခဲ့သည်။

ထို့ပြင် ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)၏ ဗိုလ်သင်တန်းကျောင်းအပေါ် နက်လက်ကြီး ပစ်ခတ်မှုကြောင့်  ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့သည့် ဖြစ်ရပ်ကြောင့် အစိုးရအပေါ် ယုံကြည်မှုလျော့နည်းခဲ့သဖြင့် ပြေလည်မှုရရေးနှင့် တွေ့ဆုံဆွေးနွေးမှု ပြတ်မသွားဘဲ ဆက်လက် ပြုလုပ်ရန် ကုစားနေရသည်ဟု နိုင်ဟံသာက ပြောသည်။ သို့သော် ယင်းကိစ္စကို ဆွေးနွေးမှု မရှိသော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ် တွင် အခက်အခဲများရှိသော်လည်း ပဋိပက္ခများ အမှန်တကယ် ဖြေရှင်းရန် အတွက် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲမှာ ညှိနှိုင်းရန် လိုအပ်သည်ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။

“တချို့အချက်တွေတော့ပါတယ်။ အားလုံးတော့ မပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အလုပ်အဖွဲ့ဖြစ်တဲ့အတွက် ဒီပေါ်လစီတွေ ဆုံးဖြတ်ပေးနိုင်မယ့် အနေအထား မရှိပါဘူး”ဟု သူက ပြောသည်။

နိုဝင်ဘာ ၂၇ရက် ဆွေးနွေးပွဲတွင် ပြီးခဲ့သည့် စက်တင်ဘာလက NCCT နှင့် UPWC တို့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းတွင် တစ်ဆို့နေသောကိစ္စများကို ကြိုဆင်ပြင်ဆင်ခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလ တတိယအပတ်တွင် ထပ်မံတွေ့ဆုံရန် NCCT ဘက်မှ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ဦးလှမောင်ရွှေက ပြောသည်။

စက်တင်ဘာလ ဆွေးနွေးမှုအပြီး နှစ်ဖက် သဘောတူညီမှုမရသေးသော အချက် ၈ ချက်ကို လာမည့် ရ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ များ ပြန်လည် ညှိနှိုင်းကာ သဘောတူညီမှု ရရှိပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု ယူဆကြောင်း သူက ဆိုသည်။

ဆွေးနွေးပွဲတွင် MPC မှ ဦးလှမောင်ရွှေ၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးအောင်နိုင်ဦးတို့ အပါအဝင် ၆ ဦးနှင့် NCCT ဘက်မှ နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ အပါအဝင် ၆ ဦး တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် MPC ကိုယ်စားလှယ်များနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်းနှင့် ဗိုလ်မှူးကြီး စိုင်းငင်တို့နှင်လည်း ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့သည်။

Most read this week