မြန်မာသံတော်ဆင့် ဂျာနယ် ကျပ်သိန်း ၁၁၀ ဖြင့် အာမခံရ

မြန်မာသံတော်ဆင့် ဂျာနယ် ကျပ်သိန်း ၁၁၀ ဖြင့် အာမခံရ
by -
မဇ္စျိမ

နိုင်ငံတော် သမ္မတ အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် သံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာများ အပါအဝင် ၁၁ ဦးကို ကျပ် သိန်း ၁၁၀ ဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးက အာမခံပေးလိုက်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်လင်းက မဇ္စျိမကို ပြောသည်။

နိုဝင်ဘာ ၂၅ ရက်တွင် ဒုတိယမြောက်ခေါ်ယူသည့် ရုံးချိန်းတွင် အမှုကို အာမခံပေးလိုက်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်တွင် တတိယအကြိမ် ရုံးချိန်း ထပ်မံခေါ်ယူထားသည်ဟု ၎င်းက ဆိုသည်။

“ဒုတိယ ရုံးချိန်းဆိုပေမယ့် ခုချိန်ထိ ဘာမှမစစ်ရသေးပါဘူး။ အာမခံလျှောက်တဲ့အဆင့်ထိပဲ ရှိပါသေးတယ် ”ဟု တရားလွှတ်တော် ရှေ့နေ ဦးဇော်လင်းက ပြောသည်။

သြဂုတ် ၉ ရက်တွင် ထုတ်ဝေခဲ့သည့် မြန်မာသံတော်ဆင့်ဂျာနယ်၌ အံ့ခေါင်မင်း၏ ဗေဒါနိုင်ငံရေး သိပ္ပံကျောင်းအုပ် ဦးမျိုးရန်နောင်သိမ်းနှင့် တွေ့ဆုံမေးမြန်းချက် ကဏ္ဍတွင် နိုင်ငံတော်သမ္မတ၏ ဂုဏ်သိက္ခာကိုထိခိုက်စေပြီး၊ အကြည်ညိုပျက်စေသည့် အသုံးအနှုန်းများ ပါဝင်ခဲ့သည်ဟု ဆိုကာ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် မြန်မာသံတော် ဆင့်ဂျာနယ်၏ ထုတ်ဝေသူ/ အယ်ဒီတာချုပ်မှ ဖြန့်ချိရေးအထိ ၁၁ ယောက်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သံတော်ဆင့်ဂျာနယ်အနေဖြင့် အတိုက်အခံပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအဆင့် ရှိသူတစ်ဦး၏ ထုတ်ဖော်ပြောကြားချက်ကို ပြည်သူသိစေရန် မီဒီယာအနေဖြင့် တစ်ဆင့်ခံဖော်ပြပေးခြင်း သာဖြစ်ကြောင်း မြန်မာသံတော်ဆင့်ဂျာနယ် ဒုတိယအယ်ဒီတာချုပ် ကိုအံခေါင်မင်းက မဇ္စျိမကို ပြောကြားထား သည်။

လက်ရှိအစိုးရသစ်လက်ထက်တွင် သတင်းမီဒီယာသမားများအား ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် တရားစွဲဆို ထောင်ချနေရာမှ သတင်းမီဒီယာဥပဒေဖြင့် ပထမဆုံးအကြိမ် စတင်တရားစွဲဆိုခြင်းဖြစ်သည်။

သတင်းမီဒီယာ ဥပဒေ ပုဒ်မ၂၅(ခ)တွင် မည်သည့် သတင်းမီဒီယာသမား မဆို ပုဒ်မ ၉ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲ(စ) နှင့် ပုဒ်မခွဲ(ဆ) တို့ပါ တာဝန်နှင့် ကျင့်ဝတ်တစ်ရပ်ရပ်ဖြင့် ပြစ်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

သတင်းမီဒီယာဥပဒေ ပုဒ်မ(၉)ပုဒ်မခွဲ (ဃ) တွင် သတင်းဓာတ်ပုံနှင့် အရုပ်အသံများ ဖော်ပြရာတွင် နည်းပညာ တစ်ရပ်ရပ် အသုံးပြု၍ မလျော်ကန်သော ပြုပြင်ပြောင်းလဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပုဒ်မခွဲ (စ) တွင် တစ်ပါးသူ ပိုင်ဆိုင်သည့် ပစ္စည်းများကို ခွင့်ပြုချက်မရဘဲ ကူးယူဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပုဒ်မခွဲ (ဆ)တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့် အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ပြဌာန်းထားသည်။

Most read this week