လွှတ်တော်ဖျက်သိမ်းရေး အကြံပြုချက် တပ်မတော် ကာကွယ်ပြောကြား

လွှတ်တော်ဖျက်သိမ်းရေး အကြံပြုချက် တပ်မတော် ကာကွယ်ပြောကြား
by -
မဇ္စျိမ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၂ (ဆ) တွင် နိုင်ငံတော် သမ္မတသည် အာဏာသုံးရပ် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံအကြံပြုချက်ဖြင့် ပြည်သူ့လွှတ်တော်ကိုဖြစ်စေ၊ အမျိုးသားလွှတ်တော်ကိုဖြစ်စေ ဖျက်သိမ်းပြီး ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲပြန်လည် ကျင်းပပေးရမည်ဟု တပ်မတော်၏ အကြံပြုချက်အား အရပ်ဘက်ကိုယ်စားလှယ်များ၏ ဝေဖန်မှုကို တပ်မတော်က ကာကွယ်ပြောကြားလိုက်သည်။

အာဏာသုံးရပ် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းရန်သင့်၊ မသင့်နိုင်ငံတော် သမ္မတကို အကြံပေးရမည်ဟုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတွင်လည်း တပ်မတော်က အကြံပြုထားခြင်းဖြစ်သည်။

Parliament-1

အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏တာဝန်များတွင် အထက်ပါအချက် အပြင် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံနှင့် အထက်အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကိုဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော် သမ္မတအား အကြံပေးရမည်ဟုလည်း ဖြစ်စွက်အကြံပြုထားသည်။

အာဏာသုံးရပ် ယိုယွင်းလာရင်

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး လှိုင်ဝင်းက "အာဏာကြီးသုံးရပ် အပြန်အလှန်ထိန်းကျောင်း မှုများ ယိုယွင်းလာ၍ နိုင်ငံတော် တွင် ပြည်ထောင်စုကြီး ပြိုကွဲတော့မည့် အခြေအနေများ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာအား ထိပါးတော့မည့် အခြေအနေများ၊ ပြည်ပ ခြိမ်းခြောက်မှု များ ဖြစ်ပေါ်လာပြီး နိုင်ငံရေး၊ စီးပွားရေးစီမံခန့်ခွဲရေးစသည့်အခြေအနေများအဘက်ဘက်မှ ယိုယွင်းလာသည့် အခါတွင်လည်းကောင်း နိုင်ငံတော်အနေဖြင့် မမျှော်မှန်းနိုင်သော အကျိုးဆက်များ မဖြစ်ပေါ်လာနိုင်ရန် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး၊ မူလနိုင်ငံရေးလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိလာစေရန် ဖြစ်သည်ဟု ကာကွယ်ပြောကြားသည်။

အတိုက်အခံအင်န်အယ်လ်ဒီပါတီ၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်က မဏ္ဍိုင်သုံးရပ် ယိုယွင်းလာခြင်းကို မည်သို့တိုင်းတာမည်နည်း ဟုပြီးခဲ့သည့်နိုဝင်ဘာ ၂၀ ရက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက "ဒီမိုကရေစီဖော်ဆောင်နိုင်ဖို့ဆိုရင် ကျွန်တော်တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါ၀င်နေတဲ့ စစ်တပ်အခန်းကဏ္ဍကို ပြန်လည် စဉ်စားရမှာ ဖြစ်ပါတယ်။ ပြန်လည်စဉ်စားတဲ့ နေရာမှာလည်း ကျွန်တော်တို့ဟာ စနစ်တကျ တဖြည်းတဖြည်း ဘယ်လိုပုံဖော်သွားကြမလည်းဆိုတဲ့ အခြေအနေကိုစဉ်စားရမှာပါ’’ ဟု ပြောသည်။

နိုင်ငံရေးအာဏာကို စစ်ဘက်လွှမ်းမိုး

အင်န်အယ်လ်ဒီပါတီ၊ လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက "ကျွန်တော်တို့တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ နိုင်ငံရေးအာဏာပေါ် စစ်ဘက်ရဲ့ လွှမ်းမိုးမှုတွေရှိနေတယ်ဆိုတာ ပကတိအခြေအနေအတိုင်းပဲ ရှုမြင်ရမှာဖြစ်ပါတယ်’’ ဟု ပြောကြားသည်။

၎င်းက ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို ဆွေးနွေးနေခြင်းသည် သမိုင်းအတွက် အင်မတန် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပြီး  ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနေမှုများသည် အနိုင်အရှုံးအတွက် ဆွေးနွေးနေခြင်းမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံအတွက် သမိုင်းအတွက် ဆွေးနွေရမည် ဟုလည်း ဖြည့်စွက်ပြောသည်။

၎င်းက "ပြည်ထောင်စုလွှတ်တော်ပခုံးပေါ်သို့ ကျလာသော သမိုင်းပေးတာဝန်ကို ဘယ်လောက်ထမ်းနိုင်မလဲဆို တာ လွှတ်တော်အတွင်းမှာ ရှိတဲ့ လူတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြည့်ရာတွင် လည်း ဆန္ဒအစွဲ တစ်ခုဖြင့် ကြည့်လို့မရပါဘူး’’ ဟုပြောကြားသည်။

တပ်မတော် နိုင်ငံရေး ဦးဆောင်မှု ပြင်ပါ

ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၄ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်က ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများပါ ပုဒ်မ ၆(စ)ကို ပယ်ဖျက်ရန် အကြံပြုဆွေးနွေးသည်။

၎င်းက "ဒါဟာ ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့အတွက် ပယ်ဖျက်ပေးပါ’’ ဟု ပြောကြားသည်။

ပုဒ်မ ၆(စ)တွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါ၀င်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။

အတိုက်အခံအင်န်အယ်လ်ဒီပါတီကလည်း အဆိုပါပုဒ်မကို ပယ်ဖျက်ရန်အကြံပြုထားပြီး တပ်မတော်သား ကိုယ်စားလှယ်များကမူ မူလအတိုင်းသာထားရှိရန် အကြံပြုထားသည်။

ပြည်ထောင်စုလွှတ်တော် သဘောတူညီချက်နဲ့ ကာချုပ်ကို ခန့်ပါ

ဦးစတီဗင်သာဘိတ်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၂ ပါ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရ မည်ဟု အစား နိုင်ငံတော်သမ္မတသည် ‘ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ခန့် အပ်ရမည်ဟု ပြင်ဆင်သင့်ပါသည်ဟု ဆွေးနွေးခဲ့သည်။

အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် တပ်မတော်သား အစုအဖွဲ့မှ ရွေးချယ်သည့် ဒုတိယသမ္မတစ်ဦး၊ ကာချုပ်၊ ဒုကာချုပ်၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ ကာကွယ်ရေးတို့ပါဝင်ကာ စစ်ဘက်လွှမ်းမိုးမှုများ၍ အတိုက်အခံ အင်န်အယ်လ်ဒီပါတီကလည်း လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးအား ထည့်သွင်း၍ ဒုတိယ သမ္မတ တစ်ဦးဖြုတ်ရန် အကြံပြုထားသည်။

ဝန်ကြီးချုပ်တွေကို လွှတ်တော်က တိုက်ရိုက်မခန့်ရရင် ပြည်တွင်းစစ်မငြိမ်းနိုင်

လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက တိုင်းရင်းသားအခွင့်အရေးများ ကို ဖော်ဆောင်ပေးနိုင်ရန် တိုင်းရင်းသားများနှင့် ပတ်သတ်သည့်ပုဒ်မများဖြစ်သည့် ပုဒ်မ ၂၆၁၊ ၂၆၁၊ ၂၆၆၊ ၂၇၁ စသည်များကို ပြင်ဆင်ရန်လိုအပ်သည်ဟု ဆိုသည်။

၎င်းက "သမ္မတကနေ (ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ) တိုက်ရိုက်ခန့်အပ်မှုတွေနဲ့ လွှတ်တော်တွေ ကို အခွင့်အလမ်းတွေ မပေးထားတဲ့ အခြေအနေတွေဟာ ကျွန်တော်တို့ုတိုင်းပြည် မှာ ပြည်တွင်းစစ်မီးကို ငြိမ်းနိုင်တဲ့ အခြေအနေတစ်ရပ်မဟုတ်ပါဘူး။ ဒီအခြေအနေကို ပြင်ဆင်ရပါလိမ့်မယ်’’ ဟု ပြောကြားသည်။

ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ ဥပဒေချုပ်များ၊ စာရင်းစစ်ချုပ်များကို သက်ဆိုင်ရာလွှတ်တော် အသီးသီးက ခန့်အပ်နိုင်ရန်လည်း အခွင့်အလမ်းပေး ရမည်ဟု ပြောကြားသည်။

ပြည်သူက စောင့်ကြည့်နေ

ဦးဖြိုးမင်းသိန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်ဆွေးနွေးရာတွင် မတူညီမှုများရှိနိုင်ပြိး ယင်းမတူညီမှုများကို တူညီတစ်ရပ်ရနိုင်အောင် ဘုံသဘောထားဖြစ်လာနိုင်ရန် သဘောထားကြီးကြီးနှင့် ဆွေးနွေးသွားရန်ဖြစ်သည်ဟု ဆိုသည်။

၎င်းက "ဆွေးနွေးမှုတွေကို ပြည်သူလူထုက စောင့်ကြည့်နေမှာပါ’’ ဟု မှတ်ချက်ပြုသည်။

Most read this week