ကေအိုင်အေကို ပစ်ခတ်မှု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ဟုဆို

ကေအိုင်အေကို ပစ်ခတ်မှု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ဟုဆို
by -
မဇ္စျိမ

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဌာနချုပ်ကို တပ်မတော်ဘက်မှ ပစ်ခတ်လိုက်ခြင်းသည် လက်ရှိဆွေးနွေးနေသည့် ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ထိခိုက်မှုများရှိနိုင်သည်ဟု တိုင်းရင်းသား ပါတီ ခေါင်းဆောင်များက ပြောသည်။

နိုဝင်ဘာ ၁၉ ရက်က ကချင်လွတ်မြောက်ရေး တပ်မတော်ဌာနချုပ်ရှိရာ လိုင်ဇာကို စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည့်အတွက် ကေအိုင်အေဘက်တွင် ကျဆုံးမှုများရှိခဲ့သည်။

လိုင်ဇာမြို့တွင် လုံခြံုရေးယူထားသည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အား ဩဂုတ်လ ၃ ရက် ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)

ချင်း အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးဇိုဇမ်က “ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေ အကြားအများကြီး စဉ်းစားစရာ ဖြစ်လာမယ်။ လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက် ဝေဝါး သွားနိုင်တယ်” ဟု ပြောသည်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီကလိုင်ဇာတွင် တိုင်းရင်းသားလက်နက်ကိုင်များ ကျဆုံးသွားရခြင်း အတွက် ဝမ်းနည်းကြောင်း၊ တပ်မတော်က ယခုကဲ့သို့ပစ်ခတ် တိုက်ခတ်ခြင်းကို အစိုးရအနေဖြင့် တာဝန် ရှိကြောင်း၊ ပါတီကကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်မည်ဟု ဆိုသည်။

ဥက္ကဋ္ဌ ဦးဇိုဇမ်က “အစိုးရမှာတာဝန်ရှိတယ်။ လိုင်ဇာဌာနချုပ်ကို စစ်တပ်ကစပစ်တယ်ဆိုတာ စည်းမဲ့ကမ်းမဲ့ လုပ်တာ။ အစိုးရမှာလုံးဝ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ အစိုးရမှာ ၁၀ဝ ရာခိုင်နှုန်း တာဝန်ရှိတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် ကြိုးစားပမ်းစား လုပ်ဆောင်နေတဲ့ ကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တုံ့ဆိုင်းရုံ တင်မကဘူး။ ရပ်ဆိုင်းစေနိုင်တဲ့ သဘောမျိုးဖြစ်နေတယ်။ တပ်မတော်ကလည်း အစိုးရရဲ့ တပ်မတော်ဖြစ် နေ တဲ့အတွက် အစိုးရမှာ လုံးဝတာဝန်ရှိပါတယ်” ဟု ပြောသည်။

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းသည် နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆွေးနွေးဖြေရှင်း နိုင်ပြီး ယခုဖြစ်ရပ်သည့် တိုင်းရင်းသားများ၏ ယုံကြည်မှုလျော့ကျနိုင်သည်ဟု ရခိုင်အမျိုးသားပါတီခေါင်း ဆောင်ဦးအေးသာအောင်က ပြောသည်။

ဦးအေးသာအောင်က “အပစ်ခတ်ရပ် စဲရေးလက်မှတ်ထိုးဖို့ ကြိုးပမ်းနေတဲ့ကာလမှာ တစ်ဖက်ကထိုးစစ် ဆင်လိုက်တဲ့ အတွက် နောက်ပြန်လှည့်နိုင်တဲ့ အခြေအနေတွေ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး မသေချာ မရေရာနေတဲ့အချိန်မှာ စစ်ရေးပြင်းထန်ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နောက်ဆုတ်သွားမှာ ငြိမ်းချမ်းရေး ရပ်ဆိုင်းသွားမှာကို အထူးပဲစိုးရိမ်တယ်။ တပ်မတော်ပိုင်းက ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုတယ်” ဟု ပြောသည်။

နိုဝင်ဘာ ၁၉ ရက်က လိုင်ဇာဌာနချုပ်ကို ပစ်ခတ်သည့်ကိစ္စသည် တပ်မတော် ခေါင်းဆောင်ပိုင်းက အဓိက တာဝန်ရှိသည်ဟု ဦးအေးသာအောင်က ပြောသည်။

စစ်ပွဲများရပ်တန့်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံသည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ညီညွှတ်သောတိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းများ၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးသွားမည်ဟု ဦးအေးသာအောင်က ပြောသည်။

Most read this week