စာပေဟောပြောပွဲအတွင်း သာသနာနှင့် သံဃာထုကို စော်ကားသည့် အသုံးအနှုန်းများ ထည့်သွင်း ပြောဆို သည်ဟုဆိုကာ ဝံသာနုရက္ခိတ အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)ပြန်ကြားရေး အဖွဲ့ဝင် ဦးထင်လင်းဦးကို တရားစွဲဆိုမည်ဟု မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူက မိန့်သည်။
"သုံးလပတ်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာပါ။ သာသနာညှိုးနွမ်းစေမှု ၂၉၅ (က) နဲ့ တရားစွဲမှာ၊ အဲဒါကိုတော့ မဘသ လမ်းညွှန်မှုနဲ့ လုပ်နေတဲ့ ဝံသာနုရက္ခိတ အဖွဲ့က ဦးဆောင်တရားစွဲမယ်"ဟု ဦးဝီရသူ က နိုဝင်ဘာ ၁၈ ရက်တွင် မိန့်သည်။
နိုဝင်ဘာ ၁၈ရက် နေ့လည်တစ်နာရီ အင်းစိန်ရွာမကျောင်းတွင် ပြုလုပ်သည့် အမျိုးဘာသာသာ သနာ စောင့်ရှောက်ရေးအဖွဲ့ ဗဟိုဦးစီး သံဃာတော်များ သုံးလပတ် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
"တရားစွဲမယ်ဆိုတာကိုတော့ ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ ပက်သက်ပြီး တစ်ခြားအကြောင်းအရာတွေကိုတော့ အချိန်သင့်ရင် ထုတ်ပြန်ပေးပါမယ်"ဟု ၀ံသာနုရက္ခိတအသင်း ဗဟိုအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးအေးပိုင်က ဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်မပြောပေ။
အောက်တိုဘာ ၂၃ရက်၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုု့နယ် စာပေဟောပြောပွဲတွင် ဦးထင်လင်းဦး၏ ပြောဆိုချက် အချို့သည် သံဃာတော်တို့ကို ထိခိုက်သည်ဖြစ်၍ သံဃာထု အစား မဘသက တုန့်ပြန်ခြင်းဖြစ်သည်ဟု ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သူ ဦးက႖န္ဒာစက္ကာဘိ၀ံသက မိန့်ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ဦးထင်လင်းဦး၏ စာပေဟောပြောပွဲပြောဆိုချက်များသည် ပါတီ၏ မူဝါဒ၊ ရပ်တည်ချက်များမဟုတ်သည့် အပြင် ပါတီကိုယ်စားပြု ဟောပြောရန် သီးသန့် တာဝန်ပေးထားခြင်းမရှိ ဟု နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။
ကာယကံရှင် ဦးထင်လင်းဦးကို မဇ္စျိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ရန် ကြိုးပမ်းသော်လည်း ပြန်လည်ဖြေ ဆိုခြင်းမရှိပေ။