ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်း တည်ဆောက်ရန် စီစဉ်ထားသည့် အိုင်စီတီ စီးတီးတွင် ဆော့ဖ်ဝဲလ် ထုတ်ကုန်များ အဓိကထား ထုတ်လုပ်သွားမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက မဇ္ဈိမကို ပြောသည်။
ဦးဇော်မင်းဦးက "သန်လျင်မှာတည်ဆောက်မယ့် အိုင်စီတီစီးတီးမှာ ဆော့ဖ်ဝဲလ်ပိုင်းထုတ်ကုန်တွေ ထုတ်နိုင်ဖို့ အဓိက ထားပါတယ်။ ပြည်ပ ကုမ္ပဏီကြီးတွေလည်း ဖိတ်ခေါ်သွားပါမယ်" ဟု ဆိုသည်။
အိုင်စီတီစီးတီး တည်ဆောက်ရန် မြေနေရာ ဧက ငါးရာကျော်ခန့်ကို ရန်ကုန်တိုင်းအတွင်း သုံးနေရာ လျာထားရာမှ သန်လျင်မြို့နယ်ကို အတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အတည်ပြုချက်ရယူရန် ရန်ကုန်တိုင်းအစိုးရထံ တင်ပြထားသည်ဟု ဦးဇော်မင်းဦးက ဆိုသည်။
၎င်းက "ရန်ကုန်တိုင်း အစိုးရဆီကို အတည်ပြုချက်ရယူဖို့ တင်ထားပါတယ်။ သူတို့ဘက်ကနေ ပြည်ထောင်စု အစိုးရဆီ ဆက်သွားဖို့ ရှိမယ်" ဟု ဆိုသည်။
အိုင်စီတီစီးတီး စီမံကိန်းသည် အဆောက်အဦနေရာ ငှားရမ်းခြင်းထက် ဆော့ဖ်ဝဲလ်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီများကို ဖိတ်ခေါ်ကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ဟုလည်း ဦးဇော်မင်းဦးက ပြောသည်။
ပြည်ပမှ Microsoft ကဲ့သို့ နည်းပညာကုမ္ပဏီကြီးများအပြင် ဒေသတွင်းနိုင်ငံများရှိ နည်းပညာကုမ္ပဏီများပါ အိုင်စီတီစီးတီးတွင် လာရောက်လုပ်ကိုင်ရန်ရှိနေပြီး ရင်းနှီးမြှုပ်နှံမှုများအတွက် ဥပဒေအရ အကာအကွယ်ပေးနိုင်ရန်လည်း ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။
ပြည်တွင်းပညာရှင်များအနေဖြင့် ပြည်ပကုမ္ပဏီများ ၀င်ရောက်လာချိန်တွင် အသင့်ဖြစ်စေရန် ပညာရပ်များကို အစဉ်လေ့လာနေသင့်သည် ဟုလည်း ဦးမင်းဦးကတိုက်တွန်းပြောကြားသည်။
"ပြည်ပ နည်းပညာကုမ္ပဏီတွေ ဝင်လာရင် ဒီကပညာရှင်တွေက အသင့်ဖြစ်နေအောင် သက်ဆိုင်ရာဘာ သာရပ်တွေမှာ ကျွမ်းကျင်သထက် ကျွမ်းကျင်အောင် လေ့လာနေသင့်တယ်။ ဟိုကလာမှ ဒီဘက်က အသင့်မဖြစ်ရင် အလကားပဲ" ဟု ၎င်းက ဆိုသည်။
အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံအထက်ပိုင်းတွင် ရတနာပုံဆိုက်ဘာစီးတီး ကို ပြင်ဦးလွင်မြို့နယ် ရတနာပုံမြို့ သစ်တွင် ၂၀၁၀ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ ရန်ကုန်မြို့တွင်လည်း နည်းပညာလုပ်ငန်းများ အများစုလုပ်ကိုင်နေသည့် MICT Park ကို ၂၀၀၄ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။