ထိုင်းနိုင်ငံသား မူးယစ်ရာဇာ တစ်ဦး ဖြစ်သည့် ဘင်းထားဆိုင် ဆိုသူသည် ထိုင်း-မြန်မာ နယ်စပ် ဖြစ်သည့် ဘုရားသုံးဆူ နယ်စပ် တစ်နေရာ၌ ခိုအောင်းနေသည်ဟု ထိုင်းအာဏာပိုင်များက သံသယရှိနေကာ နိုဝင်ဘာ ၁၇ ရက်မှ စ၍ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ် ခဲ့သည်ဟု မဇ္စျိမက စုံစမ်းသိရှိရသည်။
အဆိုပါ ဘင်းထားဆိုင် ဆိုသူသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်မှ သေနတ်ကိုင်ဆောင်ကာ လှုမှုကွန်ယက် စာမျက်နှာဖြစ်သည့် Facebook ၌ ဓါတ်ပုံများ တင်ခဲ့ပြီး၊ ၎င်း၏ လာဘ်လာဘ ငွေကြေးများကို ယူဆောင်ထားသည့် ထိုင်းရဲများကို ထုတ်ဖော်ပြောကြားခဲ့ခြင်း၊ သတ်ဖြတ်ရန် ခြိမ်းခြောက်ခြင်း စသည့် စာသားများ ရေးသားခဲ့၍ ရက်ပိုင်းအတွင်း နာမည်ကြီးခဲ့ကာ ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးနိုင်ရန် အပူတပြင်း လိုက်လံရှာဖွေခဲ့သည်။
၎င်းသည် ထိုင်းနိုင်ငံ နွန်ထပူရီ ခရိုင်ဖွား ထိုင်းအမျိုးသားတစ်ဦးဖြစ်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက် ကားမှုဖြင့် ထောင်ကျခဲ့ဖူး၍ မကြာမီ ကပင် ထောင်မှ လွှတ်မြောက်လာခဲ့သူလည်း ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်တွင် ၎င်းနှင့် အတူ မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထောင်အတူ ကျခဲ့ဖူးသည့် သူငယ်ချင်း ဖြစ်သူအား ထိုင်းရဲမှ ဖမ်းဆီး စစ်ဆေး ခဲ့ရာ၌ ဘင်းထားဆိုင်သည် နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြ ရေးသားထားကြသည်။
ယင်းအပြင် ထိုင်းအာဏာပိုင်များမှ လက်ခံ ရရှိထားသည့် ဓါတ်ပုံ အထောက်အထားများအရလည်း ထိုင်း-မြန်မာ နယ်စပ် မြန်မာဘက်၌ ခိုအောင်းနေသည်ဟု သံသယ ဖြစ်ဖွယ် အချက်များ တွေ့ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ကန်ချနပူရီ ခရိုင်၊ စံခလပူရီ မြို့နယ် အခြေစိုက် နယ်မြေခံ ရဲစခန်းထံမှ စုံစမ်းသိရှိ ရသည်။
နိုဝင်ဘာ ၁၇ရက်၌ ထိုင်းရဲတပ်ဖွဲ့ ထိုင်းစစ်တပ်တို့မှ ပူးပေါင်း၍ စံခလပူရီ-ဗန်ကောက် သွားရာ လမ်းတစ်လျှောက် လုံခြံုရေး အင်အား (၁၀၀) ဝန်းကျင် ချထားခဲ့၍ ၎င်း ဘင်းထားဆိုင်အား ဖမ်းဆီးရမိနိုင်ရေး တင်းကျပ်စွာ စစ်ဆေးနေကြောင်း ဗန်ကောက်-စံခလပူရီ ကားဒရိုင်ဘာ တစ်ဦး ဖြစ်သည့် စံခလပူရီမြို့သား နိုင်အွန် ထံမှ စုံစမ်းသိရှိရသည်။
ဆက်လက်၍ ထိုင်းအာဏာပိုင်များမှ ၎င်း ဘင်းထားဆိုင်အား ဖမ်းဆီး ရမိနိုင်ရေး အတွက် နိုဝင်ဘာ ၁၇ ရက်က ထိုင်းရဲတပ်ဖွဲ့မှ ဘုရားသုံးဆူ အခြေစိုက် မြန်မာ အာဏာပိုင် များထံ ဆက်သွယ် ခဲ့ပြီး အဆိုပါ ဘင်းထားဆိုင် အား ဖမ်းဆီးရမိရေး ဆွေးနွေး ခဲ့သော်လည်း မြန်မာ အာဏာပိုင်များက မသိရှိရကြောင်း တုံ့ပြန်ထားသည်ဟု ထိုင်းအမှတ် (၉) တပ်မတော် လက်အောက်ခံ၊ ဒေသအခြေစိုက် တပ်ရင်းများနှင့် နယ်မြေစိုးမိုးရေး တပ်ရင်းများထံမှ မဇ္စျိမက စုံစမ်း သိရှိရသည်။