HIV ပိုးရှိ၍ လုပ်ငန်းခွင်အတွင်း ခွဲခြားခံရပါက လူ့အခွင့်အရေး ကော်မရှင်က တစ်လအတွင်း ဖြေရှင်းပေးမည်

HIV ပိုးရှိ၍ လုပ်ငန်းခွင်အတွင်း ခွဲခြားခံရပါက လူ့အခွင့်အရေး ကော်မရှင်က တစ်လအတွင်း ဖြေရှင်းပေးမည်
by -
မဇ္စျိမ

မြန်မာနိုင်ငံတွင် HIV ကူးစက်ခံရသူများကို လုပ်ငန်းခွင်အတွင်း အလုပ်ရှင်များက ရောဂါပိုးရှိသည်ကို အကြောင်းပြ၍ အလုပ်ထုတ်ခြင်း၊ အလုပ်လျှောက်စဉ် အတွင်း HIV ပိုးစစ်ဆေးပြီးမှ လက်မခံခြင်းကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့တိုင်းကြားပါက ဖြေရှင်းပေး မည်ဟု ယင်းကော်မတီမှ အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က မဇ္စျိမကို ပြောသည်။

 “ဒါဟာ လူ့အခွင့်အရေး လူတိုင်းမှာတန်းတူးအခွင့် အရေးရသင့်တယ်။ ဒီလိုခွဲခြားဆက်ဆံမှုကို ကျွန်တော်တို့ကော်မတီ အနေနဲ့ဖြေရှင်းပေးမယ်။သူတို့ကို ဥပဒေအရတော့မဟုတ်ဘဲ ခွဲခြားဆက်ဆံမယ်ဆိုရင် တိုင်းကြားနိုင်တယ်” ဟု ၎င်းကဆိုသည်။

HIV

ယင်းကော်မတီမှ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အလုပ်သမားများ၏ တိုင်စာအခြေအနေပေါ်မှုတည်၍  သက်ဆိုင်ရာ ဌာနများသို့ ကော်မရှင်မှ ဖြေရှင်းပေးရန် အကြောင်းစာများ ပို့ဆောင်မည်ဟု ၎င်းကပြောသည်။

ယင်းကော်မတီ၏ အကြောင်းကြားစာအပေါ် သက်ဆိုင်ရာဌာနများက ရက်ပေါင်း ၃၀အတွင်း ပြန် လည် ဖြေရှင်းပေးရမည် ဟု ၎င်းကဆိုသည်။

HIV ပိုးရှိ၍ အလုပ်ထုတ်ခံခဲ့ရသူ တစ်ဦးက “ကျွန်မလုပ်တဲ့ ရွှေဆိုင်က ကျွန်မအမျိုးသားက ဒီရောဂါနဲ့ ဆုံးသွားတော့ ကျွန်မကိုသွေးစစ်ခိုင်းတယ်။ ကျွန်မမှာရောဂါရှိတာကို လိမ်ခဲ့တယ်။ သူတို့က ရိပ်မိလို့အတင်းစစ်ခိုင်းတော့  ရောဂါပေါ်သွားတယ်။ ၂လစာပေးပြီး အလုပ်ထုတ်လိုက်တယ်။ တခြားရွှေဆိုင်တွေသွားလျောက်လည်း ငါတို့ကလိုက်ပြောမယ်လို့ ချိန်းခြောက်တယ်”ဟု ၎င်းကဆိုသည်။

ယခုလက်ရှိ  မြန်မာနိုင်ငံတွင် HIVရောဂါပိုးကူးစက်ခံရသူများ၏ အလုပ်အကိုင် ခွဲခြားဆက်ဆံခံရမှု၊ အလုပ်အကိုင်ရရှိမှုက အဓိက ရင်ဆိုင်နေရသည် ပြဿနတစ်ရပ်ဖြစ်နေသည်ဟု ရတနာမေတ္တာ အဖွဲ့အစည်း(HIV၊AIDS ကျဆင်းရေးအတွက် ကာကွယ်ရေး၊ ကုသရေးပိုင်းကို ဆောင်ရွက်နေသည် အဖွဲ့အစည်း) ဥက္ကဋ္ဌ ဦးမြင့်ဆွေက မဇ္စျိမသို့ ပြောသည်။

“ခုစက်ရုံတွေ အလုပ်ရုံတွေမှာက ကံယကာရှင်တွေရဲ့ သဘောတူညီချက် မယူဘဲ သွေးစစ်တယ်။ ပိုးတွေ့တယ်ဆို အလုပ်မခန့်ဘူး။ ဒီလိုလုပ်ရပ်တွေက ခွဲခြား ဆက်ဆံမှုပါပဲ” ဟု ၎င်း ကဆိုသည်။

ယင်းအဖွဲ့အစည်းအနေဖြင့် HIVကူးစက်ခံရသူများ အတွက် အလုပ်အကိုင်ရရှိရန် HIVနှင့် ပတ်သက်၍ စင်တာများတွင် ဘဝတူအချင်းချင်း ပညာပေး နှစ်သိမ့်မှုများနှင့် အဖွဲ့အစည်းအတွင်း အလုပ်ခန့်ခြင်းဖြင့် ကူညီပေးနေသည်ဟု သိရည်။

မြန်မာနိုင်ငံတွင် HIV ကူးစက်ခံရသူများ အတွက် လုပ်ငန်းခွင်းအတွင်း ခွဲခြားဆက်ဆံခံရမှု အတွက် ဥပဒေမရှိသေးဟုလည်း ရတနာမေတ္တာအဖွဲ့အစည်း မ ှဒေါက်တာစိုးတင် (HIV PROJECT MANGER) က မဇ္စျိမသို့ ပြောသည်။

“ဥပဒေချမှတ်လိုက်ရင်တော့ လုပ်ငန်းခွင်အတွင်း အလုပ်ထုတ်တာတို့၊ HIV ရှိလို့ အလုပ်ထုတ်တာတွေ မဖြစ်တော့ဘူးပေါ့ ဥပဒေအတိုင်းပေါ့" ဟု သုံးသပ်ပြောဆိုသည်။

၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် HIV ဖြင့်နေထိုင်သူ ပျှမ်းမျှ ၁သိန်းရှစ်ထောင့်ငါးရာခန့် ရှိနေပြီး ART ကုထုံးဖြင့် ကုသရန်လိုအပ်သူ ၁ သိန်းနှစ်သောင်းကျော် ရှိကာ ၎င်းတို့အထဲမှ ၅၄ ရာခိုင်နှုန်းကိုသာ ART ကုထုံးဖြင့် ဆေးဝါးထောက်ပံ့ပေးနိုင်သေးသည်ဟု အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး (NAP 2013) အစီရင်ခံစာအား ကိုးကား၍ UNAIDS အစီရင်ခံစာတွင် ဖော်ပြထားသည်။