အိုဘားမားလာမည့် ရန်ကုန်တွင် လုံခြံုရေး တင်းကျပ်ထား

အိုဘားမားလာမည့် ရန်ကုန်တွင် လုံခြံုရေး တင်းကျပ်ထား
by -
မဇ္စျိမ

ရန်ကုန်သို့ အမေရိကန် သမ္မတ အိုဘားမား လာရောက်မည်ဖြစ်သည့်အတွက် လုံခြံုရေးအခြေအနေ တင်းကျပ်မှုများ ရှိမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောသည်။

"အိုဘားမား အပါအဝင် ထိပ်သီးခေါင်းဆောင်တွေ၊ လုံခြံုရေးအတွက် သွားမည့်နေရာတွေမှာ လုံခြံုရေးတွေကို တိုးမြှှင့်ထားပါတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်က ပြောသည်။

Security-in-Yangon

အာဆီယံထိပ်သီးအစည်းအဝေး ပြုလုပ်ချိန်အတွင်း တစ်နိုင်ငံလုံးလုံခြံုရေးကို အဝါရောင်အဆင့် အဖြစ် ရဲအင်အား ၂၀၀၀၀ ဖြင့် ဆောင်ရွက်ထားသည်။

ရဲတပ်ဖွဲ့အပြင် တပ်မတော်၊ အမေရိကန်ကိုယ်ပိုင်လုံ့ခြံုရေး အဖွဲ့တို့နှင့် ပူးပေါင်းကာ ဆောင်ရွက်နေ သည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကဆိုသည်။

"ရန်ကုန်လေဆိပ်က အဝင်အထွက်အားလုံးကို စိစစ်မှုတွေ ကြပ်ကြပ်မတ်မတ် လုပ်နေတယ်။ အရင်ထက် ပိုပြီး ဒီရက်အတွင်းက စိစစ်မှုတွေရှိမယ်"ဟု လေကြောင်းရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူ တစ်ဦးက ပြောသည်။

အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပချိန်အတွင်း ဝင်ထွက်ပေါက်များဖြစ်သည့် လေဆိပ်၊ သဘောင်္ဆိပ်များတွင် ပြည်သူများကို လုံခြံုရေးအရ စိစစ်မှုများကို ပြုလုပ်နေသည်။

"နယ်စပ်ပေါက်တွေရှိတဲ့ တိုင်းတွေမှာဆိုရင် အဝင်အထွက်ကို ပိုမိုကြပ်မတ်ဆောင်ရွက်နေတယ်။ အပေါက်တွေအားလုံးမှာ အရင်ထက် ပိုတဲ့ အင်အားတွေအသုံးပြုပြီးတော့ လုံခြံုရေးကို လုပ်ထားတယ်"ဟု ရဲတပ်ဖွဲ့မှ ရဲမှုးကြီးတစ်ဦးက ဆိုသည်။

ရန်ကုန်တွင် နိုဝင်ဘာလဆန်း ပိုင်းမှစတင်ကာ လုံခြံုရေးကို ပိုမိုတင်းကြပ်ဆောင် ရွက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကဆိုသည်။

အမေရိကန်သမ္မတ၏ ရန်ကုန်ခရီးစဉ်အတွင်း လွတ်လပ်ရေးရပြီးနောက် အစိုးရ အဖွဲ့ရုံး အဖြစ် အသုံးပြုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ ကျဆုံးခဲ့သည့်နေရာ ဝန်ကြီးများရုံးဟောင်း၊ ရွှေတိဂုံဘုရား၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၊ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတို့ကို သွားရောက်ကာ ညနေပိုင်းတွင် ရန်ကုန်လေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်။

တက္ကသိုလ် စိန်ရတုသဘင်ခန်းမ လူငယ်တွေ့ဆုံပွဲ
ယင်းတွေ့ဆုံပွဲသို့ လူငယ်အရေးဆောင်ရွက်သည့် အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး သတင်းမီဒီယာလောကမှ သတင်းထောက်များလည်းပါ၀င်သည်။

အိုင်-ပီအဖွဲမှ လူငယ်မျိုးဆက်သစ် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆုရရှိထားသူ (Women Peace Network) မှ မဝေဝေနုကလည်း လူငယ်တွေ့ ဆုံပွဲကို တက်ရောက်ခွင့်ရထားသည်။

"တက်ရောက်ခွင့်ရထားပါတယ်။ မေးခွန်းမေးဖို့တော့ကြိုးစားမယ်။ မေးခွန်းမေးခွင့်ရရင်၊ လူငယ်တွေအတွက် အခွင့်အလမ်းတွေ၊ ရိုဟင်ဂျာအရေးနဲ့ အပြောင်းအလဲအတွင်း လူငယ်တွေရဲ့ အခန်းကဏ္ဍနဲ့ ပက်သက်ပြီး မေးပါမယ်"ဟု မဝေဝေနုကပြောသည်။

လူငယ်တွေ့ဆုံပွဲများတွင် ရခိုင်လူထုကိုယ်စားပြုသူများ၊ ကချင်ကိုယ်စားပြုအဖွဲ့များဖိတ်ကြားခံရခြင်း မရှိသည့်အပေါ် ဝေဖန်မှုများရှိနေသည်။

"ရခိုင်အရေးနဲ့ ပက်သက်ပြီးပြောဖို့ဆိုရင် ရခိုင်အဖွဲ့တွေ မဖိတ်တာတော့ နားမလည်ဘူး၊ ကမ္ဘာ့ ဒီမိုကရေစီ ချန်ပီယံ နိုင်ငံက ရခိုင်မပါပဲ ရခိုင်အရေးကို ပြောတာတော့ ဘယ်လိုလဲ မသိတော့ဘူး"ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် ဦးဦးလှစောက ပြောသည်။

ရိုဟင်ဂျာဟု သုံးလျှင်

သမ္မတအိုဘားမား၏ မြန်မာပြည်ခရီးစဉ်အတွင်း ရိုဟင်ဂျာဟု သုံးနှုန်းပါက ဆန္ဒပြရန် ရန်ကုန်ရောက် ရခိုင်လူထုနှင့် ရခိုင်အရပ်ဖက် အဖွဲ့အစည်းများက စီစဉ်ထားသည်။

"ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က သံတမန်အရ ရိုဟင်ဂျာမရှိဘူးဆိုတာကို အထောက်အထားအပြည့်အစုံနဲ့ အိုဘားမား အစိုးရကို အသိပေးခဲ့တယ်။ အခုတော့ အဲဒီထက်ထိရောက်မှာကိုလုပ်မယ်၊ အက်ရှင်ပိုင်းကိုသွားမယ်။ ဘယ်လို အက်ရှင်လည်း ဆိုတာတော့ အဖွဲ့တွေအားလုံး စုံညီ ဆုံးဖြတ်ပြီးမှ ပြောလို့ရမယ်"ဟု ရခိုင်အမျိုးသားကွန်ယက် ဥက္ကဌ ဦးတင်ထူးအောင်က ပြောသည်။