မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ဆက်လက် မပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ နိုဝင်ဘာ ၁၃ ရက်က တစ်နာရီကျော်ကြာ တွေ့ဆုံမှုတွင် အမေရိကန်သမ္မတ အိုဘားမားက တိုက်တွန်းတိုက်သည်။
အင်ဒိုနီရှားနိုင်ငံကို ဥပမာပေးကာ တပ်မတော်မှ အရာရှိဟောင်းများဖြစ်သည့် လွှတ်တော် ဥက္ကဋ္ဌ များဖြစ်သော သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့် တို့နှင့် နေပြည်တော် နန်းဝတီ ဟိုတယ်တွင် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်း ဟု တွေ့ဆုံမှုသို့ တက်ရောက်ခဲ့သူ သီပေါ လွှတ်တော်အမတ် ဦးရဲထွန်းကပြောသည်။
သမ္မတ အိုဘားမားသည် သူ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုပင် နိုင်ငံရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောဆိုလေ့မရှိဟုလည်း ဦးရဲထွန်းက ပြန်လည် ပြောဆိုသည်။
“ဘာကြောင့်တုန်းဆိုတော့ စစ်တပ်ဆိုတာ လက်နက်ကိုင်တပ်ဆိုတာ အင်းအားတစ်ခုရှိတာ၊ အဲ့ဒီအင်အားကို သူတို့က အားကိုးလေ့ရှိတယ်၊ ဒါကြောင့် အင်အားကိုအားကိုးပြီးတော့ နိုင်ငံရေးအငြင်းအခုန်တွေမှာ အသုံးချလာတယ်ဆိုရင် ဒါဟာ အာဏာရှင်စနစ်ဘက်ကို ရောက်သွားနိုင်တယ်” ဟု ပြောဆိုခဲ့ သည်ဟု ဦးရဲထွန်းကဆိုသည်။
အာဆီယံ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်သော အင်ဒိုနီရှားနိုင်ငံသည်လည်း စစ်တပ်သည် ပါလီမန်အတွင်းမှ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာလည်း တိုးတက်လာသည်ဟု ဥပမာပေးပြောဆိုခဲ့သေးသည်။
လက်ရှိမြန်မာနိုင်ငံရေးအခြေအနေတွင် စစ်တပ်ကို အရပ်သား အစိုးရအောက်လက်အောက်သို့ ရောက်ရှိရန် ကြိုးစားဆောင်ရွက်ရန်နှင့် အရပ်သား အစိုးရစစ်စစ် ဖြစ်လာရန်လည်း သမ္မတ အိုဘားမားက တိုက်တွန်းသွားခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်ဖြူဖြူသင်းကလည်း ပြောသည်။
“အခုမြန်မာနိုင်ငံရဲ့ အခြေအနေက အဲဒီလိုမသွားနိုင်ဘူးဆိုရင် ပြဿနာ အများကြီးဖြစ်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က အင်းအားကြီးတယ်။ လက်နက်တွေရှိတယ်။ အဲဒီတော့ သူတို့ရဲ့ အခန်းကဏ္ဍက ပိုပြီးကြီးထွားလာနိုင်တယ်။ အဲဒါကြောင့် သူတို့က အရပ်သားအစိုးရအောက် ရောက် ရှိအောင်လုပ်ရတယ်”ဟု ပြောသည်။
အိုဘားမား၏ ပြောဆိုမှုများနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကမူ လွှတ်တော် အတွေ့အအကြံု မရှိသည့်အတွက် ကြားကနေ ဆောင်ရွက်ရခြင်းကြောင်း၊ စိန်ခေါ်မှုများလည်း ရှိသည့်အကြောင်း၊ လက်ရှိမြန်မာနိုင်ငံရေး အနေဖြင့် မဏ္ဍိုင်ကြီးသုံးရပ်က အပြန်အလမ်းထိန်ကျောင်းခြင်း မရှိလျှင် အာဏာရှင်စနစ် ပြန်လည်လွှမ်းမိုးနိုင်သည့် အခြေအနေ ရှိလာနိုင်သည်ဟု ပြန်လည်ဆွေးေနွးကြောင်း ဦးရဲထွန်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသားအခွင့်အရေးကိစ္စ၊ ငြိမ်ချမ်းရေးကိစ္စ၊ လွှတ်တော်ဥပဒေပြုရေးကိစ္စ၊ အကူအညီပေးရေးကိစ္စများနှင့် လွှတ်တော်ကိုယ်စားလှယ် အချင်းချင်း အတွေ့အကြံုဖလှယ်ရေး ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
အမေရိကန်သမ္မတအိုဘားမားက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးချယ် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးတွေ့ဆုံးဆွေးနွေးခဲ့သည်။
ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များတွင် ပါရှိသည့် အချက်အချို့သည့် အနာဂတ် မြန်မာ့နိုင်ငံရေးတွင် စစ်တပ် ဆက်လက်ပါဝင်နိုင်ရန် အကာအကွယ် ပေးထားသည်ဟု လေ့လာသူများက ဆိုသည်။ အလားတူပင် လွှတ်တော်အတွင်း တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းကြောင့်လည်း ဝေဖန်မှုများခံနေရသည်။