ရင်းနှီးမြှပ်နှံမှုလုပ်ရာတွင် လာဘ်ပေးလာဘ်ယူမှု မရှိစေရန် သီလဝါကော်မတီနှင့် ကုမ္ပဏီတို့ လက်မှတ်ထိုး

ရင်းနှီးမြှပ်နှံမှုလုပ်ရာတွင် လာဘ်ပေးလာဘ်ယူမှု မရှိစေရန် သီလဝါကော်မတီနှင့် ကုမ္ပဏီတို့ လက်မှတ်ထိုး
by -
မဇ္စျိမ

သီလဝါအထူး စီးပွားရေးဇုန်အတွင်း ရင်းနှီးမြပ်နှံ့မှုများ ဆောင်ရွက်ရာတွင် လာဘ်ပေးလာဘ်ယူမှုများ မရှိစေရန် သီလဝါအထူးစီးပွားရေးဇုန် ကြီးကြပ်ရေးကော်မတီနှင့် မြန်မာဂျပန် သီလဝါ ဖွံံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့သည် လာဘ်ပေးလာဘ်ယူမှုကင်းရှင်းရေး( Anti-corruption) သဘောတူညီတစ်ရပ်ကို နိုဝင်ဘာ ၁၂ ရက်တွင် လက်မှတ်ရေးထိ်ုး သဘောတူညီခဲ့ကြောင်း ၎င်းကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးသူရှိန်အောင်က ပြောသည်။

အဆိုပါသဘောတူညီချက်တွင် သီလဝါအထူးစီးပွားရေးဇုန် ကြီးကြပ်ရေးကော်မတီနှင့် မြန်မာဂျပန်သီလဝါဖွံံ့ဖြိုး တိုးတက်ရေးကုမ္ပဏီတို့သည် လာဘ်ပေးလာဘ်ယူမှုလုံးဝမပြုလုပ်ရန်နှင့် လာဘ်ပေးလာဘ်ယူမှုများကိုလည်း လုပ်ဆောင်ခွင့်မပြုလုပ်ရန် အပြန်အလှန် ကတိပြု လက်မှတ်ရေးထိုးခဲ့သည်ဟု ဦးသူရှိန်အောင်က နိုဝင်ဘာ  ၁၃ ရက်က နေပြည်တော်တွင် ကျင်းပသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြပ်နှံ့မှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ်တွင် ပြောသည်။

သို့သော် သဘောတူညီချက်တွင် လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းစေရန် ဆောင်ရွက်မည်ဆိုသည့် အချက်သာပါရှိပြီး မည်သည့်အဖွဲ့အစည်းက စောင့်ကြည့်ပြီး ဖောက်ဖျက်ကျူးလွန်ပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည့် အချက်ကို ထည့်သွင်းထားခြင်းမရှိသေးဟု ၎င်းကပြောသည်။

“ကျင့်သုံးမယ်ဆိုတာကို အရင်ထိုးတာဖြစ်ပါတယ်။ နောက်ပြီးတော့မှ ဘယ်သူက စောင့်ကြည့်မယ်။ ဘယ်လို အရေးယူမလဲဆိုတာက နောက်ပိုင်းဆက်ပြီး ဆွေးနွေးသွားရမယ့် အပိုင်းတွေဖြစ်တယ်။ အရင်ဆုံး ကျွန်တော်တို့မှာ  ဒီလို ဆန္ဒရှိတယ်ဆိုတာကို ဖော်ပြတဲ့သဘောပါ”ဟု  ဒဂုံအင်တာနေရှင်းနယ် ကုမ္ပဏီတွင်လည်း ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးသူရှိန်အောင်က ပြောသည်။

သီလဝါအထူး စီးပွားရေးဇုန်အတွင်း ရင်းနှီးမြုပ်နှံ့မှုများ လုပ်ကိုင်ရန်အတွက် နိုင်ငံတကာကုမ္ပဏီ ၂၁ ခုနှင့် လက်မှတ်ရေးထိုးပြီးဖြစ် သည်ဟု  မြန်မာဂျပန်သီလဝါဖွံံ့ဖြိုးတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က စက်တင်ဘာလအတွင်း မီဒီယာများနှင့် တွေ့ဆုံစဉ်တွင် ပြောကြားပြီးဖြစ်သည်။

 အဆိုပါကုမဏီ ၂၁ ခုတွင် ဂျပန်ကုမ္ပဏီ ၉ ခုပါ၀င်ပြီး ထိုင်ဝမ်၊ ထိုင်း၊ တရုတ်၊ ဆွီဒင်၊ ဟောင်ကောင် နှင့် သြစတြေးလျ နိုင်ငံများ ပါ၀င်ကြောင်း၊ အမေရိကန် ကုမ္ပဏီ တစ်ခုနှင့် မြန်မာကုမ္ပဏီ တစ်ခုလည်း ပါ၀င်ကြောင်း သိရသည်။

Most read this week