နယ်မြေ မတည်ငြိမ်ရေးနှင့် ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) အောက်တိုဘာ ၃၁ ရက်က တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့ကြောင်း SSPP/SSA ၏ တပ်ပေါင်းစုရေးရာဌာနမှ ဒုတိယ တာဝန်ခံ ဗိုလ်မှူးကြီး ပိန်ဖက မဇ္စျိမကို ပြောသည်။
အောက်တိုဘာလ ၃၁ ရက်က UPWC မှ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် SSPP/SSA မှ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင် ဦးဆောင်သော ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ် သည်။
နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့ရေးအတွက် SSPP ၏ အမြင်နှင့် အကြံပြုချက်များကို ဆွေးနွေးညှိနှိုင်းရန် UPWC သို့ အကြောင်းကြားခဲ့ပြီးနောက် ထပ်မံ တွေ့ဆုံခြင်း လည်း ဖြစ်သည်။
“၃၁ ရက်နေ့ တစ်ရက်ပဲတွေ့တယ်။ ဘာမှ သဘောတူညီချက် မရှိဘူး။ သူတို့က အထက်ကို တင်ပြမယ် ဒီလိုပါပဲ ပြောတယ်” ဟု မဇ္စျိမကို ပြောသည်။
၎င်း နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းအဖွဲ့တွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် လူရိုသေ ရှင်ရိုသေရှိသည့် ပုဂ္ဂိုလ်များ ပါဝင်နိုင်ရန် SSPP/SSA က တင်ပြဆွေးနွေးခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ရေးသားထားသည်။
အောက်တိုဘာလ ၁၈ ရက်က “ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး”ခေါင်းစဉ်ဖြင့် ရှမ်းပြည်နယ် လားရှိုးမြို့တွင် နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံစဉ် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းညှိနှိုင်း ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့ရန် အပါအဝင် ဆက်ဆံရေးရုံး အဆင့်မြှင့် တိုးချဲ့ဖွင့်လှစ်ရန်၊ နှစ်ဖက် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးသွားရန်နှင့် နယ်မြေဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဟူသောအချက် ၄ ချက်ကို UWPC ဘက်မှ အဆိုပြုခဲ့ခြင်း ဖြစ်သည်။
၎င်းအဆိုပြုချက်များကို SSPP/SSA က ဗဟိုကော်မတီ အစည်းအဝေးလုပ်ပြီးမှသာ ဆုံးဖြတ်ရန်နှင့် ယင်းဆုံးဖြတ်ချက်ကို UPWC နှင့် ထပ်မံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်စုံတစ်ရာ သဘောတူညီမှု မရရှိခဲ့ပေ။
အောက်တိုဘာလဆန်းပိုင်းက အစိုးရ စစ်တပ်နှင့် SSPP/SSA တပ်များအကြား ရှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်း ၃ ရက်ကြာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုများလည်း ရှိပြီးနောက် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရခြင်းလည်းဖြစ်သည်။