ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများဖြေရှင်းရန်နှင့် ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးရေးအတွက် ရေးဆွဲ ထားသော အစီအစဉ် (Action Plan) တွင် နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်ပြီး အပြောင်းအလဲရှိနိုင်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက မဇ္ဈိမကို ပြောကြားလိုက်သည်။
အစီအစဉ်တွင် အချက်အလက်များစွာ ပါ၀င်သော်လည်း အဓိကအချက် ဖြစ်သော နိုင်ငံသား စိစစ်ခြင်းကိစ္စတွင် အခက်အခဲတွေ့နေ၍ ရပ်နားထားရပြီးနောက် အပြောင်းအလဲရှိနိုင်သည်ဟု ၎င်းက မှတ်ချက်ပြုခြင်း ဖြစ်သည်။
အဆိုပါ ၀န်ကြီးက “၈၂ နိုင်ငံသား ဖြစ်ခွင့် စိစစ်မှုမအောင်မြင်ရင်ရော ဘယ်လိုလုပ်မလဲဆိုတာ ကိုလည်း ဆွေးနွေးနေကြတာရှိတယ်။ အဲဒီအပေါ်မှာ ဖွံ့ဖြိုးရေးအစီအစဉ်လည်း နည်းနည်း ပြောင်းချင်ပြောင်းနိုင် တယ်”ဟု ပြောကြားသည်။
ဖွံ့ဖြိုးရေးအစီအစဉ်တွင် ပါ၀င်သော စီးပွားရေးဇုန်စီမံကိန်း၊ ရေကြောင်း လုံခြံုရေး၊ နယ်စပ်လုံခြံု ရေးလုပ် ငန်း အချို့တို့ကို စတင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းများကို ရှေ့ပြေး စီမံ ကိန်းအဖြစ်သာ ဆောင်ရွက်နေခြင်းဖြစ်သည်။
၁၉၈၂ နိုင်ငံသားစိစစ်မှုဥပဒေဖြင့် စိစစ်ပြီးပါမှ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး လုပ်ဆောင်နိုင် မည်ဖြစ်သည်။
အောက်တိုဘာ ၃၁ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သော နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်များ အစည်း အဝေးမတိုင်မီ အောက်တိုဘာ ၃၀ ရက် က အမေရိကန် သမ္မတ အိုဘားမားက သမ္မတဦးသိန်းစိန်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင်လည်း ရခိုင်ပြည်နယ် Action Plan ကို ပြန်လည် သုံးသပ် ရန် တိုက်တွန်းကြောင်း အေအက်ဖ်ပီသတင်းက ဆိုသည်။
အိုဘားမား၏ အကြံပြုချက်တွင် ရခိုင်ပြည်နယ်၌ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်စေလိုသည်ဟု ပါ၀င်သည်။
ပြည်နယ်အစိုးရကမူ အိုဘားမား၏ တိုက်တွန်းချက်ကြောင့် မဟုတ်ဘဲ နိုင်ငံသားဖြစ်ခွင့် စိစစ်မှုကိုပြန် လည် သုံးသပ်ရန် စဉ်းစားပြီးဖြစ်သည်ဟု အဆိုပါဝန်ကြီးက ပြောသည်။
ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦးအေးသာအောင်က “ဖွံ့ဖြိုးရေးအစီအစဉ်ကို နဂိုကတည်းက ကျွန်တော်တို့ အားရမှုမရှိခဲ့ပါဘူး။ အပြောနဲ့ အလုပ်ထပ်တူကျနိုင် မကျနိုင်ကိုဘဲ စောင့်ကြည့်နေကြပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ် ဖွ့ံဖြိုးရေးအစီအစဉ် ကို ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း တွင် ရေးဆွဲခဲ့ပြီး ပါ၀င်နေသည့် အစီအစဉ်များကို ရှင်းလင်းစွာ ထုတ်ပြန်ခြင်းမရှိသော်လည်း နိုဝင်ဘာမှစ၍ အကောင်အထည် ဖော်မည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။