ကိုပါကြီးအမှု တပ်မတော် စုံစမ်းရေးဖွဲ့၍ စစ်ဆေးနေ

ကိုပါကြီးအမှု တပ်မတော် စုံစမ်းရေးဖွဲ့၍ စစ်ဆေးနေ
by -
မဇ္စျိမ

လက်နက်လုယူမှုကြောင့် စစ်တပ်ကပစ်ခတ် ဖမ်းဆီးခဲ့ရပါသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည့် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသေဆုံးမှု အမှုကို တပ်မတော်ဘက်က ဗိုလ်မှူးကြီးတစ်ဦး ဦးဆောင်သည့်အဖွဲ့က စုံစမ်းစစ်ဆေးနေသည်ဟု သမ္မတ ပြောခွင့်ရပုဂ်္ဂိုလ် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် က အောက်တိုဘာ ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းအဖွဲ့ကို အောက်တိုဘာ ၂၆ ရက်နေ့တွင် ဖွဲ့စည်းပြီး အမှုမှန်ပေါ်ပေါက်နိုင်ရေး အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အဖွဲ့၏ တွေ့ရှိချက်များ အပေါ်မူတည်ကာ ရဲတပ်ဖွဲ့နှင့် တပ်မတော်မည်သူ တာဝန်ယူ အရေးယူမည်ကို ဆုံးဖြတ်မည်ဟု ဆိုသည်။

Ko-Par-Gyi-Press-Conference

ဦးရဲထွဋ်က “တပ်ဥပဒေတွေထဲမှာ ဖြစ်တဲ့ဖြစ်စဉ်၊ အခြေအနေပေါ်မူတည်ပြီး တပ်ဥပဒေနဲ့ပဲ ဖြေရှင်းတာ၊ ရဲဘက်ကို လွှဲတာရှိတယ် အဲဒီအတိုင်းပြီးရင် ဆုံးဖြတ်မှာပါ”ဟု ပြောသည်။

ကိုပါကြီး အလောင်းပြန်လည်တူးဖော်ရေးနှင့် ပတ်သက်ပြီး ဦးရဲထွဋ်က တစ်စုံတစ်ရာ ပြောကြားခြင်းမရှိ သည့်အပြင် စုံစမ်းစစ်ဆေးရေး အဖွဲ့အတွင်း ပါ၀င်သူများနှင့် မည်သည့်အချိန်အတွင်း အပြီးဆောင်ရွက် မည်ကိုလည်း မပြောပေ။

ရဲတပ်ဖွဲ့ကလည်း လက်ခံထားသည့် သေမှုသေခင်းပြစ်မှုကို စုံစမ်းမှုများ ပြုလုပ်မည်ဖြစ်ပြီး လိုအပ်သည့် အချက်အလက်များကို တပ်မတော်ထံမှ ရယူဆောင်ရွက်နေသည် ဟု ဦးရဲထွဋ်က ဆိုသည်။

လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ပြီ ကိုပါကြီး သေဆုံးခဲ့မှုတွင် လူ့အခွင့် အရေးချိုးဖောက်ခံရမှုများ ညှဉ်း ပန်း နှိပ်စက်မှုများ ခံခဲ့ရကြောင်း သံသယဖြစ်စရာ များရှိနေသောကြောင့် ၈၈ မျိုးဆက် အဖွဲ့အစည်းအပါ အဝင် အဖွဲ့အစည်း ၄၀ ကျော်မှ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ စစ်ဆေးပေးရန် တိုင် စာပေးပို့သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ဦးကိုကိုကြီးက အောက်တိုဘာ ၂၉ ရက် တွင် ပြောသည်။

ကိုပါကြီး ဓာတ်ပုံအတု

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးကို လက်နက်ကိုင်အဖွဲ့များနှင့် တောတွင်းတွင် တွေ့ရသည်ဟု တပ်မတော် က ထုတ် ပြန်ခဲ့သည့် ဓာတ်ပုံသည် ၂၀၁၀ ပြည့်နှစ်အတွင်း DKBA အဖွဲ့နှင့် စစ်တပ်တိုက်ပွားဖြစ်ပွား ခဲ့ သောကြောင့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးလာသော စစ်ရှောင်ဒုက္ခသည်များကို သွားရောက် ကူညီ ပေးစဉ် ရိုက်ယူခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဓာတ်ပုံတွင်ပါ၀င်သူ တစ်ဦးဖြစ်သည့် ဦးကိုကိုအောင်က ပြော သည်။

အောက်တိုဘာ ၂၃ ရက်တွင် တပ်မတော်က ကိုပါကြီးသည်  DKBA အဖွဲ့၏ အဖွဲ့ငယ်တစ်ခုဖြစ်သည့် ကလို့ထူးဘော ကရင်အစည်းအရုံး (KKO) စောဆန်းအောင် အဖွဲ့မှ ဗိုလ်ကြီးအဆင့် ပြန်ကြားရေး တာဝန် ခံ တစ်ဦးဖြစ်သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဓာတ်ပုံတွင် ကိုပါကြီးသည် လက်နက်ကိုင်အဖွဲ့ဝင်များနှင့် မဟုတ်ဘဲစစ် ရှောင်ဒုက္ခသည်များကို ကူညီနေသည့် ၎င်းတို့ နှင့်အတူ ရှိနေခြင်းဟု ဦးကိုကိုအောင်က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းရုံးတွင် အောက်တိုဘာ ၂၉ ရက် သတင်းစာရှင်းပွဲတွင် ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို ကျွန်တော်တို့ ညအိပ်ညနေ သွားကြပါတယ်။ အဲမှာ မနက်မိုးလင်း လက်ဘက်ရည်ကြမ်းသောက် တာကို အမှတ်တရ ရိုက်ခဲ့တာပါ။ ဒါကို ကျွန်တော့်လူမှု ကွန်ရက်စာ မျက်နှာမှာလည်း တင်ခဲ့ပါတယ် အဲဒါကို ကာကွယ်ရေးဝန်ကြီးဌာနက ယူသုံးထားတာပါ”ဟု ဆိုသည်။

ယင်းအပြင် ကိုပါကြီးသည် အလွတ်သတင်းထောက် တစ်ယောက်ဖြစ်ကြောင်းကို ပြောဆိုလိုက်ပြီး ၂၀၀၈ ခုနှစ်တွင် ၎င်းဂျပန်တွင် နေထိုင် စဉ်က ကိုပါကြီး၏ သတင်းဆောင်းပါးများ၊ သတင်းဓာတ်ပုံများ ပေး ပို့ နိုင်ရန် ဂျပန်သတင်းဌာနများနှင့် ချိတ်ဆက်ပေးခဲ့ကြောင်း ၎င်းက အတည်ပြုပြောဆိုသည်။