ကော်သူးလေ တပ်မတော်ကို KNU က မူအားဖြင့် လက်ခံ

ကော်သူးလေ တပ်မတော်ကို KNU က မူအားဖြင့် လက်ခံ
by -
မဇ္စျိမ

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် မကြာမီက ဖွဲ့စည်းလိုက်သော ကော်သူးလေ တပ်မတော် (KAF) ဖွဲ့စည်းခြင်းကို မူအားဖြင့် လက်ခံလိုက်သည်ဟု KNU ၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ပဒိုဒေးဗစ်တာကဘောက မဇ္စျိမကို ပြောသည်။

အောက်တိုဘာလ ၂၃ ရက်မှ အောက်တိုဘာ ၂၈နေ့ထိ KNU ၏ တပ်မဟာ ရ နယ်မြေ လောခီးလာတွင် ကျင်းပနေသော ဗဟိုကော်မတီ အစည်းအဝေးတွင် သဘောတူခဲ့သည်ဟု ၎င်းက ပြောသည်။

“ကေအန်ယူက မူအားဖြင့် လက်ခံတယ်ပေါ့။ ဒါပေမဲ့ အသေးစိတ်ဆက်လုပ်ရဦးမယ်ပေါ့။ ကျွန်တော်တို့က ကွန်ကရက်မှာ ကတည်းက ဒီလိုကွဲကွဲပြားပြားဖြစ်နေတဲ့ DKBA၊ BGF တို့၊ Peace Council တို့ အများကြီး ကွဲသွားတယ်။ အဲဒါတွေ ပြန်ပြီး စုစည်းဖို့ ကွန်ကရက်မှာကတည်းက သဘောထား ချခဲ့တာ။ ခုမှ လုပ်သင့်တဲ့လူတွေက လုပ်ကြတာ”ဟု ပဒိုဒေးဗစ်တာကဘောက ပြောသည်။

၂၀၁၂ ခုနှစ်ကုန်ပိုင်းက ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်သင့်မြတ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း အကြောင်းကြောင်းကြောင့် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း သူက ဆိုသည်။

ယင်းကော်မတီတွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျော်နီ၊ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲနှင့် အတွင်းရေးမှူးအဖြစ် ပဒိုအောင်မော်အေး အပါအဝင် ရ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၂၉ ရက်တွင်လည်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က KAF ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ၎င်းတို့၏ ဌာနချုပ် ဆုံဆည်းမြိုင်တွင် ကျင်းပမည် ဖြစ်သည်။

ထိုဆွေးနွေးပွဲသို့ KNU မှ ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်သင့်မြတ်ရေးကော်မတီ၏ အတွင်းရေးမှူး ပဒိုအောင်မော်အေး ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်သည်။

အောက်တိုဘာလ ၁၃ ရက်က KNLA၊ KNDO၊ DKBA၊ KNU/KNLA-PC အဖွဲ့လေးဖွဲ့က ကော်သူးလေ တပ်မတော် (Kawthoolei Armed Forces-KAF)ကို ဖွဲ့စည်းခဲ့သည်။

KNU  ဗဟိုကော်မတီအစည်းအဝေးကို အောက်တိုဘာလ ၂၃ ရက်မှ စတင်၍ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်ရေး၊ မပါဝင်ရေး ဆုံးဖြတ်ရန်နှင့် ကော်သူးလေ တပ်မတော်(KAF) ဖွဲ့စည်းမှုအပေါ် အသေးစိတ် ပြန်လည် ညှိနှိုင်းနေသဖြင့် အစည်းအဝေးကို အောက်တိုဘာ ၂၈ရက်နေ့အထိ ကျင်းပနေသည်။