မြန်မာ့စက်ရုံ ၂၀ ရာခိုင်နှုန်းသာ စနစ်တကျ ရေဆိုးထုတ်

မြန်မာ့စက်ရုံ ၂၀ ရာခိုင်နှုန်းသာ စနစ်တကျ ရေဆိုးထုတ်
by -
မဇ္စျိမ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF တို့သို့ တင်သွင်းမည့် ရေဆိုး စွန့်ထုတ်မှုစနစ်လေ့လာမှု စာတမ်းတွင် မြန်မာနိုင်ငံရှိ စက်ရုံအလုပ်ရုံ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းသာ ရေဆိုး စနစ်တကျ စွန့်ပစ်ကြောင်း ဖော်ပြထားသည်ဟု စာတမ်းရှင် မြန်မာနိုင်ငံအခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အကြံပေးအရာရှိ ဦးခင်မောင်ရီက မဇ္ဈိမကို ပြောသည်။

၎င်းက မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ စက်ရုံအလုပ်ရုံများ၏ ရေဆိုးစွန့်ထုတ်မှုစနစ်များနှင့် ပတ်သက်ပြီး စာတမ်းတစ်စောင်ပြုစုကာ နိုဝင်ဘာလ ပထမပတ်အတွင်း အဆိုပါကျန်းမာရေး အဖွဲ့အစည်းများထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း ဆိုသည်။ ကျန်စက်ရုံအလုပ်ရုံများ၏ ရေဆိုးစွန့်ထုတ်မှု ပမာဏပေါ်မူတည်ပြီး ကျန်းမာရေးထိခိုက်မှုများရှိနေသည်ကို စာတမ်းပေါ်အခြေခံကာ ဦးခင်မောင်ရီ က မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာ အဝိုင်းအနီးရှိ စက်မှုလုပ်ငန်း အနီးဝန်းကျင်ကို တွေ့မြင်ရစဉ်။ စက်ရုံများ၏ ရေဆိုးစွန့်ပစ်မှု စနစ်မကျခြင်းကြောင့် သေစေနိုင်လောက်သည့် ရောဂါများဖြစ်ပွားနိုင်သည်ဟု WHO က ပြောသည်။( ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

"မြန်မာနိုင်ငံမှာ ရေဆိုးစွန့်ထုတ်မှုနဲ့ ပတ်သက်ရင် ဘီယာချက်စက်ရုံတွေက ပိုဆိုးတယ်" ဟု ၎င်းက ပြော သည်။ ရေဆိုးစွန့်ထုတ်မှု စနစ်မကျခြင်းကြောင့် ရေဆိုးများတွင် ပါဝင်သည့် အာဆင်းနစ်ဓာတ်နှင့် နိုက်ထရိုက် ပမာဏပေါ်မူတည်ပြီး အသားပြာ၊ သွေးကင်ဆာ၊ ခဲအဆိပ်သင့်ခြင်းနှင့် မျိုးပွားမှုဆဲလ်များ သေစေနိုင် သည့် ရောဂါဖြစ်စေသည်ဟု ၎င်းက ဆိုသည်။

စာတမ်းတင်ပြပြီးပါက WHO နှင့် UNICEF တို့သို့ တင်ပြပြီး အကြံဉာဏ်များ တောင်းခံကာ ၎င်းအဖွဲ့အစည်း များ၏ နည်းပညာ အထောက်အပံ့များယူရန် စီစဉ်ထားသည်။

လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က "အရမ်းအနံ့ အသက်ထွက်တဲ့ စက်ရုံတွေနဲ့ အအေးခန်း စက်ရုံတွေကိုတော့ စက်မှုဇုန်ကနေ ဖယ်ခိုင်းလိုက်ပါတယ် ကျန်တဲ့ စက်ရုံတွေကိုတော့ ထွက်လာတဲ့ရေကို စစ်ပြီး chemical treatment လုပ်ပြီး မြောင်းထဲကို သေချာစွန့်ပစ်ခိုင်းတယ်။ ခက်တာက ချို့စက်ရုံတွေက ရေစစ်ပြီး လုပ်ခိုင်းလည်း အနံအသက်က ထွက်တာလေးတွေတော့ ရှိတာပေါ့" ဟု ပြောသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်က မြန်မာနိုင်ငံရှိ အလုပ်ရုံများ၏ ရေဆိုးသန့်စင်မှုစနစ်နှင့် ပတ်သက်ပြီး အဆင့်မြှင့်တင်ရန်အပြည်ပြည်ဆိုင်ရာရှိ ရေနှင့်စပ်လျဉ်းပြီးကျွမ်းကျင်ပညာရှင်များ၊ ရေစနစ်ဆိုင်ရာ လုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ငံတကာ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေပြီဟု ဆိုသည်။