၂၀၁၄-၂၀၁၇ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဥရောပ သမဂ္ဂနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ လမ်းပြမြေပုံကို ရေးဆွဲသွား မည်ဖြစ်သည်ဟု ဥရောပ သမဂ္ဂကမှ အောက်တိုဘာ လ ၂၄ ရက်က ထုတ်ပြန်လိုက်သည်။
အဆိုပါ မဟာဗျူဟာမှ ဥရောပသမဂ္ဂနှင့် အရပ်ဘက်အဖွဲ့ အစည်းများအတွက် လမ်းပြမြေပုံ တစ်ခုဖြစ်လာမည်ဖြစ်ပြီး ပြည်တွင်းလူမှု အဖွဲ့အစည်းများအား ပံ့ပိုးကူညီရာတွင် အထောက်အကူဖြစ်စေမည်ဟု ထုတ်ပြန်ချက်က ဆိုထားသည်။
အဆိုပါ မဟာဗျူဟာရေးဆွဲရေးအတွက် ပထမအကြိမ်အဖြစ် အောက်တိုဘာ ၂၂ ရက်က ရန် ကုန်မြို့ Chatrium Hotel တွင် ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းများနှင့် INGOS စုစုပေါင်း ၈၀ကျော် ဖြင့် ဆွေးနွေးခဲ့ပြီး အောက်တိုဘာ ၂၄ရက်က မန္တလေးမြို့တွင် လည်းကောင်း၊ နိုဝင်ဘာ ၁၀ ရက်တွင် မော်လမြိုင်မြို့၌ လည်းကောင်း၊နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်မြို့၌လည်းကောင်း ဥရောပ သမဂ္ဂနှင့် အရပ်ဘက်အဖွဲ့အစည်းများ ဆွေးနွေးကြမည် ဖြစ်သည်။
ယင်းဆွေးနွေးပွဲရလာဒ်များကို အခြေခံကာ ဥရောပသမဂ္ဂ အရပ်ဘက်လူမှုအဖွဲ့အစည်းများ လမ်းပြမြေပုံကို အကောင်အထည်ဖော်ရေးဆွဲမည်ဖြစ်သည်။
ရန်ကုန်မြို့၌ အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရွှေမင်း သားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက “အရပ်ဘက် အဖွဲ့အစည်းတွေ အရည်အချင်းမြှင့်တင် ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေမှာ ကဏ္ဍတူတဲ့ အဖွဲ့တွေကပဲ ပူးပေါင်းဆောင်ရွက်တာရှိပြီး ကဏ္ဍမတူတဲ့ အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတာကို လည်း ဆွေးနွေးခဲ့ကြပါတယ်” ဟု ပြောသည်။
လမ်းပြမြေပုံ၏ ရည်ရွယ်ချက်မှာ အရပ်ဘက်အဖွဲ့အစည်းများ ပိုမိုအားကောင်းလာစေရန်၊ ၎င်းတို့ ရှင်သန်ဖွံ့ဖြိုးနိုင်သည့် ပတ်ဝန်းကျင် အခြေအနေကောင်း တစ်ခုဖန်တီးရန်နှင့် မူဝါဒပိုင်းဆိုင်ရာ ဖော်ဆောင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု အစရှိသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ ပါဝင်မှု အခန်းကဏ္ဍကို မြှင့် တင်ပေးရန်ဖြစ်သည်။
ဥရောပ သမဂ္ဂ သံအမတ် ရိုလန်ကိုဘီယာက “ဥရောပ သမဂ္ဂအနေနဲ့ နိုင်ငံရေးအရ၊ ဘဏ္ဍာရေး အရ CSOs များကို ပံ့ပိုးပေးလို့ရပေမယ့် အဲ့ဒီပံ့ပိုးမှုများနဲ့ လုပ်ငန်းစဉ်တွေက အောက်ခြေမှာဖြစ်နေတဲ့ အခြေအနေတွေကို အခြေခံရမှာပါ။ ကျွန်တော်တို့အနေနဲ့ ဒေသခံ အဖွဲ့အစည်းတွေရဲ့ အခက်အခဲများ၊ လိုအပ်ချက်များ၊ မျှော်လင့်ချက်များနဲ့ ရည်မှန်းချက်များကို သိဖို့လိုအပ်ပါသည်” ဟု ပြောသည်။