အသက်မွေးဝမ်းကျောင်း ပညာရပ်များကို တက္ကသိုလ် ပညာရပ်များကဲ့သို့ တန်ဖိုးထားရန် လိုအပ်သည်ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ဧရာဝတီတိုင်း ကော့မှူးမြို့နယ်တွင် အောက်တိုဘာ ၂၅ရက်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တည်ထောင်ထားသော ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ အသက်မွေးမှုဘာသာရပ်များ သင်ကြားမည့် (HCTA) သင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပညာရေးဆိုတာ ဘွဲ့ရပါတယ်လို့ ပြောရုံနဲ့ မပြီးပါဘူး၊ ဘဝရဲ့စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ကိုယ့်ဘာကိုယ်ရပ်တည်နိုင်တဲ့ အရည်အချင်း ရှိဖို့လိုအပ်တယ်။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း ပညာရရှိရေးဟာ ကိုယ့်အတွက်တင် မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံအတွက် အရေးကြီးတယ်ဆိုတာ နားလည်ဖို့လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်းဖြစ်သည်။
အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးသည် နိုင်ငံ၏ အရေးကြီးသော လိုအပ်ချက်တစ်ခုဖြစ်နေခြင်းကြောင့် အသက်မွေးဝမ်းကျောင်း သင်တန်းတစ်ခုကို ဖွင့်လှစ်ရခြင်းဖြစ်သည် ဟုသူကဆိုသည်။
“အသက်မွေးဝမ်းကျောင်းပညာဆိုတာ တက္ကသိုလ်ပညာနဲ့နည်းတူ တန်ဖိုးရှိတယ်ဆိုတာ ကျွန်မတို့ နိုင်ငံမှာပြဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူနိုင်တဲ့ အရည်အချင်းဆိုတာ ဘယ်ဘွဲ့နဲ့မှ နှိုင်းယှဉ်လို့မရပါဘူး၊ အဲဒီဟာအတွက် အသက်မွေးဝမ်းကျောင်းပညာကို အားပေးတာဖြစ်ပါတယ်"ဟု သူက ဆက်ပြောသည်။
HCTA သင်တန်းကျောင်းတွင် ကျောင်းသားဦးရေ တစ်ရာကျော်ရှိပြီး အသက် ၁၈နှစ်မှ ၂၅ နှစ်အကြား အထက်တန်းအောင်မြင်ပြီး သူများကို သင်ကြားခြင်းဖြစ်သည်။ ဟိုတယ်လုပ်ငန်း နှင့် ဆိုင်သော အသက်မွေးမှု ပညာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားခြင်းဖြစ်ပြီး တက်ရောက်လိုသူများက ဝင်ခွင့်စာမေးပွဲဖြေဆိုရသည်။
“ဘွဲ့ရပြီး ဘာလုပ်ရမယ်မှန်းမသိဖြစ်နေတဲ့ အချိန်မှာ အသက်မွေးမှုပညာရပ်တစ်ခု အခမဲ့သင်ကြားခွင့်ရတဲ့အတွက် အခွင့်အရေးတစ်ခုဖြစ်ပါတယ်” ဟု သင်ကြားခွင့်အတွက် ရွေးချယ်ခံရသူ ကိုလင်းကိုကိုဦးကပြောသည်။
ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ တွံတေးမြို့နယ်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံတို့မှလည်း လာရောက်သင်ကြားမှုများ ရှိသည်ဟု HCTA ၏ ဒါရိုက်တာ ကိုဇွဲနန္ဒကဆိုသည်။