မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ရာသီဥတုပြောင်းလဲမှုကဲ့သို့ အရေးတကြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟုနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၆၉ ကြိမ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ်အဖြစ်ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် “အရေးတကြီး စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး လူမှုဘဝအားလုံး ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပါသည်” ဟု ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံ၏ အခြေအနေကို ရေးသားထားခြင်း ဖြစ်သည်။
အဆိုပါ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ကုလသမဂ္ဂအဖွဲ့သည် မရှိမဖြစ်လိုအပ်သည်ဟုလည်း သမ္မတက ဆိုသည်။
မြန်မာနိုင်ငံသည် အိန္ဒိယတွင် ဌာနခွဲ အသစ်ဖွင့်လှစ်ထားသည့် အယ်လ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့၏ ပစ်မှတ်အသစ်တွင် ပါဝင်နေသည်ဟု အယ်လ်ခိုင်ဒါက ထုတ်ဖော်ပြောဆိုထားသည့်အပြင် ကုလသမဂ္ဂ၏ စာရင်းများအရ ပြည်တွင်း၌ အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့ (IS)နှင့် ဆက်နွယ်သူ ရ၀ ကျော်ရှိသည်ဟု ဆိုသည်။
၂၀၁၄ ခုနှစ်၊ ဇွန်လအတွင်း ပြဋ္ဌာန်းခဲ့သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ မြန်မာနိုင်ငံတွင် အကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို စတင်ဖွဲ့စည်းနေပြီဖြစ်ကာ ဗဟိုအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဥက္ကဋ္ဌ အဖြစ်ဦးဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်မင်းက အတွင်းရေးမှုးအဖြစ် တာဝန်ယူရန် လျာထားသည်။
သမ္မတ၏ သဝဏ်လွှာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို လမ်းကြောင်းမှန်အတိုင်း ထိန်းသိမ်း သွားနိုင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည် ဟုလည်း ထည့်သွင်းဖော်ပြထားသေးသည်။ ထိုသို့ လမ်းကြောင်းမှန် အတိုင်း ထိန်းသိမ်းရန်မှာ နိုင်ငံရေးတည်ငြိမ်မှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးရရှိမှသာ အောင်မြင်မည်ဟု ဆိုသည်။
သို့သော်လည်း မြန်မာနိုင်ငံသည် ဒီမိုကရေစီအရေးအတွက် နောက်ပြန်လှည့်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီး၏ အောက်တိုဘာ ၂၀ ရက်က ကြိုတင်ထွက်ရှိလာသော အစီရင်ခံစာတွင် ပါရှိသည်။
အောက်တိုဘာ ၂၈ ရက်တွင်ကျ ရောက်မည့် ၆၉ ကြိမ်မြောက် ကုလအထွေထွေညီလာခံသို့ တင်သွင်းရန် စာမျက်နှာ ၂၃ မျက်နှာပါ အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီးက ပြုစုခဲ့ခြင်း ဖြစ်သည်။