ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် ရက်ပေါင်း ၆၀ ပြင်ဆင်ပေးမည်ဟု ရွေးကောက်ပွဲ ကော်မရှင်ကတိပြု

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် ရက်ပေါင်း ၆၀ ပြင်ဆင်ပေးမည်ဟု ရွေးကောက်ပွဲ ကော်မရှင်ကတိပြု
by -
မဇ္စျိမ

နိုင်ငံရေးပါတီများက တောင်းဆိုထားသည့်အတိုင်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို နှစ်လ ပြင်ဆင်ပေးသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာ ၂၁ ရက်က ပန်ဒါဟိုတယ်တွင် နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံဆွေးနွေး ရာတွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ကာလအတွင်း မဲဆွယ်စည်းရုံးခွင့် ကာလကို ရက်ပေါင်း ၃၀ အစား ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို ရက်ပေါင်း ၆၀ ထိ ပြင်ဆင်ပေးမည်ဟု ဦးတင်အေးက မိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့သည်။

"ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်ဆိုတုန်းက အာဆီယံပွဲ နီးနေလို့ ပါတီတွေက အနိုင်ရလိုစိတ်နဲ့ ပြောဆို မှုတွေဟာ ပဋိပက္ခ ဖြစ်သွားစေနိုင်တဲ့အတွက်၊ အာဆီယံပုံရိပ်က ထိခိုက်စေနိုင်တဲ့အတွက် တစ်လသတ် မှတ်ခဲ့တာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ စည်းရုံးဟောပြောခွင့်ကို ရက်ပေါင်း ၆၀ ပေးမှာပါ "ဟု ၎င်းက ပြော သည်။

အဆိုပါ ပြင်ဆင်ချက်ကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ နည်းဥပဒေတွင် ပြင်ဆင်ပေးသွားမည်ဟု ဦးတင်အေးက ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများကလည်း ဟောပြောစည်းရုံးခွင့် ရက်တိုးမြင့်ပေးရန်၊ ဟောပြောစည်းရုံးမှုတွင် ကြိုတင် ခွင့်ပြုချက် တင်ရမည့် အချက်များကို ပြင်ဆင်ပေးရန်တို့ကို အကြံပြုထားသည်။

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်) အတွင်းရေးမှူး ဦးဖော်လားကမ်ဖန်က "ဝေးလံတဲ့ နေရာတွေ မှာ တစ်လဆိုတာ မလုံလောက်ဘူး၊ စည်းရုံးခွင့် တစ်လပဲပေးမယ် ဆိုထားလို့ ကြားဖြတ်လုပ်ခဲ့ရင်တောင် ဝင်ပြိုင်မှာ မဟုတ်ဘူး၊ စစ်ပွဲတွေဖြစ်တဲ့ နယ်မြေတွေမှာ စည်းရုံးခွင့်ကို အချိန်ယူရတယ်။ လုံလောက်တဲ့ စည်းရုံးခွင့်မရရင် ငွေကြေးပိုင်းရော မဲရရှိမှုပါ ဆုံးရှုံးနိုင်တယ်" ဟု ပြောသည်။

ဖယ်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ( FDA) အဖွဲ့ဝင်  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက "တစ်ချို့နယ်တွေမှာဆို ကျေးရွာအုပ်စုကြီးတွေဆီ လှေတစ်တန်လှည်းတစ်တန်နဲ့ သွားပြီး ဟောပြောစည်းရုံးရတယ်။ ဒါတောင် လူထုအားလုံးနဲ့ တွေ့ဖို့ အချိန်မရဘူး။အရက်တိုး မြှင့်ပေး လိုက်တာ ကောင်းတဲ့ ရလာဒ်ပါ။ စည်းရုံးခွင့်ကို စာကြိုတင်ခိုင်းတာကိုလည်း သတင်းပေးရုံလောက်ပဲ သတ်မှတ်ပေးဖို့ လိုပါတယ်" ဟုပြောသည်။

၂၀၁၀ ခုနှစ်မတိုင်မီ ရေးဆွဲပြဌာန်းခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာရွေးကောက်ပွဲ နည်းဥပဒေများအရ ၂၀၁၀ အထွေထွေ ရွေးကောက် ပွဲနှင့် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲဆွယ်စည်းရုံးခွင့် ရက်ပေါင်း ၉၀ ခွင့် ပြုထားသည်။ အဆိုပါ နည်းဥပဒေအရ ၂၀၁၄ခုနှစ်က ကျင်းပမည်ဟု ဆိုခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင် ရာ ညွှန်ကြားချက်ထုတ်ပြန်ရာတွင် မဲဆွယ်စည်းရုံးခွင့်ကို ရက်ပေါင်း ၃၀ သာ ခွင့်ပြုခဲ့သည်။

Most read this week