လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းခြင်း ရပ်တန့်ရန် သမ္မတတောင်းဆိုမှု ဝေဖန်ခံရ

လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းခြင်း ရပ်တန့်ရန် သမ္မတတောင်းဆိုမှု ဝေဖန်ခံရ
by -
မဇ္စျိမ

လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းမှု ရပ်ဆိုင်းရန် ဥရောပသမဂ္ဂ (အီးယူ)သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ တိုက်တွန်းချက်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်လိုက်သည်။

ဦးသိန်းစိန်က မြန်မာနိုင်ငံအတွင်းလူ့ အခွင့်အရေးဆောင်ရွက်မှုများ သိသိသာသာ တိုးတက်ဖြစ် ထွန်းနေသော်လည်း နိုင်ငံတကာ၏ အသိအမှတ်ပြုမှုများ မရှိခဲ့ဟု အီတလီနိုင်ငံ၊ မီလန်မြို့တွင် အောက်တိုဘာ ၁၇ ရက်က ပြုလုပ်သည့် (၁၀)ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်း အဝေးတွင် ပြောသည်။

YHL

ယင်းကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အီးယူက နှစ်စဉ်တင်သွင်းသည့် မြန်မာ့လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာတင်သွင်းမှုကို ရပ်ဆိုင်းပေးရန် သမ္မတက တောင်းဆိုခြင်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေ အနေအရဆိုရင် ရပ်လို့မရပါဘူး။ ဆက်တင်သင့်ပါသေးတယ်။ အမုန်း တရားက တစ်ဆင့်အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်တာတွေကြောင့် ပြည်သူ့ဘဝ မလုံခြံုပါဘူး။ တပ်နဲ့ ရဲက ချိုးဖောက်မှုတွေဆို မထိရဲ မကိုင်ရဲ ဖြစ်နေပါသေးတယ်” ဟု Equality Myanma မှ အမှု ဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုအများဆုံးဖြစ်သည့် နိုင်ငံများစာရင်း  (Special Procedure) တွင်လည်း မြန်မာ နိုင်ငံက ဆက်လက်ပါ၀င်နေသဖြင့် နှစ်စဉ် နိုင်ငံတကာ လူ့အခွင့်အရေး စုံစမ်းရေးအဖွဲ့ နိုင်ငံအတွင်း လာ ရောက်ခြင်းကို ရပ်တန့်ရန် သမ္မတက တောင်းဆိုခြင်းဖြစ်သည်။

မြန်မာအစိုးရတောင်းဆိုမှုကို အီးယူကလိုက်လျောခဲ့ပါက  (Universal Periodic Review) အစီအစဉ်ဖြင့် လေးနှစ်တစ်ကြိမ် သက်ဆိုင်ရာ အစိုးရကိုယ်တိုင် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်ပြနိုင်သည့် အခွင့်အရေးရမည်ဖြစ်သည်။

“အောက်ခြေလူထုတွေနဲ့ ထိတွေ့မှ တကယ်တိုးတက်မှု ရှိမရှိကိုသိနိုင်ပါမယ်။ အခုအတိုင်းဆိုရင်တော့ တိုးတက်တာ မရှိပါဘူး။ တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေအပေါ် တပ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန် တာတွေ၊ မြေသိမ်းတာတွေက ရှိနေဆဲပါ”ဟု ကရင် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ညွှန်ကြားရေး မှူး ဒေါ်ဇူစန်နာ လှလှစိုးက ပြောသည်။

၂၀၁၃ ခုနှစ်အတွင်း ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ်ရှိ အမျိုးသမီးများအပေါ် တပ်မတော်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့် အမှုပေါင်း ၃၀၀ ကျော်ရှိပြီး အစိုးရက ဖြေရှင်းမှုမရှိဟု မြန်မာအမျိုးသမီးအဖွဲ့ချုပ် WLB  က ထုတ်ပြန်ထားသည်။

ထို့ပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းတို့က ၂၀၁၁ တွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် MNHRC ၏ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်တို့ကိုလည်း ဝေဖန်ကြသည်။

MNHRC စတင် ဖွဲ့စည်းခဲ့သည့်အချိန်မှ ၂၀၁၃ ခုနှစ်အထိ တိုင်စာပေါင်း ရ,၀၀၀ ကျော်ရှိခဲ့သော်လည်း မည်သို့ဖြေရှင်းသည် ဆိုသည်မှာမူ ပွင့်လင်းမြင်သာမှုမရှိဟု ဦးအောင်မျိုးမင်းက ပြောသည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများ ဖြစ်သည့် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံ များပြီးနောက် ငါးနိုင်ငံမြောက် လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည် နိုင်ငံတစ်နိုင်ငံဖြစ်သည်။