နိုင်ငံသားစိစစ်မှု ဥပဒေနှင့် မညီဟု ရခိုင်လူမှုအဖွဲ့များ ယုံကြည်နေ

နိုင်ငံသားစိစစ်မှု ဥပဒေနှင့် မညီဟု ရခိုင်လူမှုအဖွဲ့များ ယုံကြည်နေ
by -
မဇ္စျိမ

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ် မြေပုံမြို့တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေဖြင့် စိစစ်ရာတွင် လုပ်ထုံးလုပ်နည်းနှင့် မညီဘဲခွင့်ပြုခဲ့၍ ဥပဒေအတိုင်း ဆောင်ရွက်ပေးရန် ပြည်နယ် တစ်ခုလုံးရှိ ရခိုင်လူမှု အဖွဲ့အစည်းများက အောက်တိုဘာ ၁၉ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ် အတွင်းရှိ လူမှုအဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ၊ နိုင်ငံရေးပါတီများ က အောက်တိုဘာ ၁၈ရက်နှင့် ၁၉ ရက်များတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမတော်တောင် ရပ်ကွက်ဓမ္မာရုံ တွင် တွေ့ဆုံကြပြီးနောက် ယင်းကဲ့သို့ အချက် ၁၀ ချက်ပါသော သဘောထား ၁၀ချက် ထုတ်ပြန် လိုက်ခြင်းဖြစ် သည်ဟု ပြည်နယ် လွတ်တော်အမတ် ဦးအောင်မြကျော်က ဆိုသည်။

Bangali-people-received-citizenship-in-Rakhine-State

“ဒီကိစ္စကို လုပ်ရတာက မြေပုံမှာ နိုင်ငံသားစီစစ်တဲ့ အခါ ဥပဒေနဲ့ မကိုက်ညီပဲ နိုင်ငံသား ဖြစ်ခွင့် ရရှိသူတွေ ပါသွားတယ် ။ နောက်ထပ် မြို့နယ်တွေမှာလည်း ဒီလိုမျိုး ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့မညီပဲ စိစစ်မှုကိုမလုပ်ဖို့ ကျွန်တော်တို့ ရခိုင်တစ်ပြည်လုံး တွေ့ဆုံပြီး ဘုံသဘောထားကို ထုတ်တာပါ” ဟု ၎င်းက ဆိုသည်။

ထုတ်ပြန်ချက်အတွင်း  မြေပုံမြို့နယ်တွင် နိုင်ငံသားဖြစ်ခွင့် စိစစ်ခဲ့ရာတွင် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီမှု မရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ ကိုက််ညီမှုမရှိသည့် အကြောင်းအရာများကို ရခိုင်ပြည်သူ တစ်ရပ်လုံးသိရှိရန်နှင့် အခြားမြို့နယ်များတွင် စိစစ်ရာတွင် လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ရန် စသည့်အချက် များ ပါဝင်သည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည် စစ်တွေမြို့ခံ ကိုကျော်အေးသိန်း က ပြောသည်။

“ဒုက္ခသည်စခန်းမှာ နေရုံနဲ့၊ မိဘ နာမည်ပြောနိုင်ရုံနဲ့ လျောက်ထားသူနာမည် ပြောနိုင်ရုံလောက်နဲ့ နိုင်ငံ သားပြုခွင့် ရရှိတယ်ဆိုတာကို လက်မခံနိုင်ဘူး” ဟု  မြေပုံမြို့နယ်မှ မြို့နယ်အဆင့် နိုင်ငံသားဖြစ်ခွင့် စိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးမောင်ရေချမ်းက ပြောသည်။

စက်တင်ဘာ ၂၂ ရက်တွင်  ရခိုင်ပြည်နယ် မြေပုံဒုက္ခသည်စခန်းတွင် သြဂုတ်လအတွင်းက ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ လူတွေ့စစ်ဆေးခဲ့ပြီး ကမန်တိုင်းရင်းသားအဖြစ် လူဦးရေ ၄၀ ကို ကတ်ဒ်ထုတ် ပေးခဲ့ကာ ၁၆၉ ဦးကို နိုင်ငံသားပြုခွင့်ရသူအဖြစ်  အသိအမှတ်ပြုကတ်များ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။