ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပါဝင်လာနိုင်ရန် ရည်ရွယ်၍ အမျိုးသမီးဖိုရမ် ပုသိမ်တွင် ကျင်းပမည်

ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပါဝင်လာနိုင်ရန် ရည်ရွယ်၍ အမျိုးသမီးဖိုရမ် ပုသိမ်တွင် ကျင်းပမည်
by -
မဇ္စျိမ

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ရန် ရည်ရွယ်၍ တတိယအကြိမ်မြောက် အမျိုးသမီးဖိုရမ် (Voice Of Women) ကို ဧရာဝတီတိုင်း ပုသိမ်မြို့တွင် အောက်တိုဘာ ၁၉ ရက်မှ ၃၀ရက်အထိ ကျင်းပမည်ဟု အမျိုးသမီးဖိုရမ် ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။

မြန်မာမီဒီယာ စာကြည့်တိုက်တွင် အောက်တိုဘာ ၁၇ ရက်က ပြုလုပ်သည့် မြန်မာအမျိုးသမီးဖိုရမ် နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်စိန်စိန်ရွှေလတ်က “ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ ပိုမို မြင့်တင်လာနိုင်ဖို့ရယ်၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပိုပြီးတော့မှ ရွေးကောက်ပွဲမှာ ပါဝင်လာဖို့ရယ် ယှဉ်ပြိုင်တဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ရယ် အဓိကထားပြုလုပ်တာပါ” ဟု ပြောသည်။

တတိယအကြိမ်ကျင်းပမည့် အမျိုးသမီးဖိုရမ်မှ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ရန် နည်းလမ်းများ ရှာဖွေသွားမည်ဖြစ်ပြီး ယခင်ကျင်းပခဲ့သည့် အမျိုးသမီးဖိုရမ်များမှ ရရှိလာသည့် လေ့လာချက်များအရ  နိုင်ငံရေးအခန်းကဏ္ဍတွင် အမျိုးသမီးများပါဝင်မှု အားနည်ရခြင်းမှာ အမျိုးသားများကဲ့သို့ သတင်းအချက်အလက်များအပေါ်တွင် စိတ်ဝင်စားမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း လေ့လာခဲ့ရသည်ဟု ၎င်းက ဆိုသည်။

တတိယအကြိမ်အမြောက် အမျိုးသမီးဖိုရမ်ကို ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီး အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းပေါင်း ၂၈ဖွဲ့ တက်ရောက်မည် ဖြစ်ပြီး အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားသွားမည်ဖြစ်သည်။

တတိယအကြိမ်မြောက် အမျိုးသမီးဖိုရမ်အပြီးတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြောက် အမျိုးသမီးဖိုရမ်မှ ထုတ်ပြန်ကြေညာထားသည့် ကြေညာချက်ပါအချက်များကို ပြန်လည် လေ့လာစမ်းစစ်၍ အစိုးရက မည်မျှ အကောင်အထည်ဖော်ပေးပြီးပြီ ဆိုသည်ကို လေ့လာစမ်းစစ်မည့် အစည်းအဝေး တစ်ခုထပ်မံ ပြုလုပ်သွားမည်ဖြစ်သည်။
 
တတိယအကြိမ်မြောက် အမျိုးသမီးဖိုရမ်အတွက် အမျိုးသမီးအဖွဲ့အစည်းများမှ တစ်ဖွဲ့လျှင် အနည်းဆုံး ကျပ်သုံးသိန်း ထည့်ဝင်မှုဖြင့် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ဖိုရမ်မှာ ကျပ်သိန်း ၅၀၀ ခန့်ကုန် ကျမည်ဟု ခန့် မှန်းထားပြီး လူဦးရေ ၃၀၀ ခန့်တက်ရောက်ရန် ခန့်မှန်းထားသည်ဟု အမျိုးသမီးဖိုရမ် ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးချမ်းငြိမ်းအောင်က ဆိုသည်။

ပထမအကြိမ် အမျိုးသမီးဖိုရမ်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နှင့် ၂၁ ရက်တွင် ကျင်းပခဲ့ပြီး အမျိုးသမီးငယ်များ၏ ကဏ္ဍ၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ လူမှုရေးနှင့် စီးပွားရေးနယ်ပယ်များတွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ်ချက်ချနိုင်မှု အခြေအနေ၊ နိုင်ငံရေးနှင့် ဥပဒေရေးရာ နယ်ပယ်များတွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ်ချက်ချနိုင်မှု အခြေအနေ ခေါင်းစဉ်လေးခုတို့ကို ဆွေးနွေးခဲ့သည်။

ဒုတိယအကြိမ်မြောက် အမျိုးသမီးဖိုရမ်ကို  ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ ရက်တွင် ပြုလုပ်ခဲ့ပြီး အမျိုးသမီးများ၏ လုံခြံုရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ခြင်း၊ ပဋိပက္ခ ကာကွယ်တားဆီး ခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အစရှိသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်။