ပြည်ထောင်စုအစိုးရက ဦးဆောင်ရေးဆွဲနေသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ် (Action plan) အကောင်အထည်ဖော်မှု ပြီးစီးရန် နှစ်အကန့်အသတ်မရှိ ကြာမြင့်နိုင်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးလှဟန်က မဇ္စျိမကိုပြောသည်။
အစီအစဉ်ပါ အချက်များကို ဖော်ဆောင်နေသော်လည်း ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။
“အားလုံးကို သူ့ကဏ္ဍနဲ့သူ စတင်နေပြီ၊ ရေရှည်ဖွံ့ဖြိုးဖို့ ရေရှည်လုပ်ရမယ်၊ နှစ်ကန့်သတ်လို့ မရဘူး” ဟု ဦးလှဟန်က ပြောသည်။
သမ္မတရုံးက တိုက်ရိုက်ညွှန်ကြားထားသော ရခိုင်ပြည်နယ် ဖွ့ံဖြိုးရေးအစီအစဉ်များကို ကော်မတီများ ဖွဲ့၍ ဆောင်ရွက်နေခြင်း ဖြစ်သည်။
လုံခြံုရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၊ ဒေသတွင်း ယာယီနေရာချ ထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းလုပ်ငန်းကော်မတီ၊ ကုလသမဂ္ဂအဖွဲ့အစည်း များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၊ ဘက်စုံ မဟာဗျူဟာရေး ဆွဲရေး လုပ်ငန်းကော်မတီတို့ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ရခိုင်အမျိုးသားပါတီ၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးအေးသာအောင်က “လျှပ်စစ်မီးရရှိရေး ကိစ္စတောင် ရေရေရာရာ မရှိသေးတော့ ဖွံ့ဖြိုးရေးအစီအစဉ်ဆိုတာ ဆောက်ဖြစ်မှ ကျောင်းတကာလို့ ကျွန်တော်က ပြောချင်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် ဖွ့ွံဖြိုးရေး အစီအစဉ်များကို အကောင်အထည်ဖော်ရန် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွ့ံဖြိုးရေး ကော်မတီက စီမံနေခြင်းဖြစ်သည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ယင်းလုပ်ငန်းစဉ်များတွင် သုံးရန် သမ္မတရုံးက သီးသန့်ရန်ပုံငွေ ကျပ်သန်းတစ်ထောင်ကျော် ခွင့်ပြုပေးထားသော်လည်း ပြည်နယ်အစိုးရ စီမံခွင့် မရှိဘဲ ပြည်ထောင်စု အစိုးရအဖွဲ့ကသာ တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်နေသည်။