လက်ရှိ ကချင်နှင့် ရှမ်းပြည်နယ် အတွင်း မြန်မာစစ်တပ်မှ ထိုးစစ်ဆင်နေမှုများ ချက်ချင်း ရပ်တန့်ပေးရန် ညီညွတ်သော တိုင်းရင်းသား လူမျိူးများ ဖက်ဒရယ် ကောင်စီ (UNFC) က အောက်တိုဘာ ၁၅ ရက်တွင် သဘောထား ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
အချက်ငါးချက်ပါဝင်သော UNFC ၏ ထုတ်ပြန်ချက်တွင် အစိုးရကို တောင်းဆိုထားသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရန် အမြန်ဆုံး အရေးယူဆောင်ရွက် သွားစေလိုသည်ဟုလည်း ပါ၀င်သည်။
လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် မြန်မာ့တပ်မတော်က ထိုးစစ်ဆင်နေမှုများနှင့် ကရင်ပြည်နယ် အတွင်း လက်နက်ကိုင် ပဋိပက္ခ ပြန်လည် ဖြစ်ပွားနေမှု အပြင် အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းတို့ အကြား တိုက်ခိုက်နေမှုများ အပေါ်လည်း စိုးရိမ်မကင်းဖြစ်မိသည်ဟု UNFC က ထုတ်ပြန်ထားသည်။
UNFC အဖွဲ့ဝင်များနှင့် အတူ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေသည်မှာ အတော်ပင် ခရီးရောက်နေပြီ ဖြစ်ပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲများ ဖြစ်ပေါ်ရန် အချိန် နီးကပ်နေသည့် အချိန်တွင် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းသည် ငြိမ်းချမ်းရေး အတွက် နှောင့်နှေးကြန့်ကြာခြင်း၊ ပျက်ပြားခြင်းများ ဖြစ်မည်ကို စိုးရိမ်မိပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
UNFC အနေဖြင့် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် စားပွဲဝိုင်းတွင် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားခြင်းသည် မှန်ကန်သော နည်းလမ်းဖြစ်သည်ဟု ရှုမြင်ပြီး စစ်ရေးဖြင့် ဖြေရှင်းခြင်းကို လက်မခံနိုင်ပါဟုလည်း ထုတ်ပြန်သည်။
ယင်းအပြင် UNFC အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ် အတွင်း စဉ်ဆက်မပြတ် ပူးပေါင်းပါ၀င်သွားမည်ဟုလည်း ဆိုထားသည်။
အစိုးရတပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA ) တပ်တို့အကြား ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက်မှ စတင်၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၀ရက်ကလည်း ကရင်ပြည်နယ် ကော့ဂရိတ်မြို့နယ်အတွင်း ကောင်မှုရွာအနီးတွင် နှစ်ဖက်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း တာဖာဆောင်ဒေသတွင်လည်း အောက်တိုဘာ ၂ ရက်မှ ၄ ရက်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် (SSPP) တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက် ကျဆုံးမှု ရှိခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အစိုးရ တပ်တို့ အောက်တိုဘာ ၁၀ရက်က တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သေးသည်။
ယင်းအပြင် ကချင်ပြည်နယ်တွင် ဖားကန့်မြို့ သန်းဂေါင် အောင်ဘာလေကျေးရွာရှိ ကေအိုင်အေ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း၆ကို တပ်စခန်းမှ ဆုတ်ခွာပေးရန် အစိုးရ၏ တပ်မ ၆၆ က အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်တွင် သတိပေးစာ ပို့ခဲ့သေးသည်။