ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)သို့ ပြောင်းရွှေ့သွားသည့် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)၏ အထူးစစ် ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးကို KNU/KNLA(PC)က ထုတ်ပယ်ကြောင်း အောက်တိုဘာ ၁၄ရက် နေ့စွဲဖြင့် အမိန့်စာတစ်စောင် ထုတ်ပြန်လိုက်သည်။
၎င်းအား KNU/KNLA(PC)က အချက်သုံးချက်ဖြင့် ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးကောင်စီ၏ အခါအားလျော်စွာ ထုတ်ပြန်သည့် စစ်အက်ဥပဒေ ပုဒ်မ (၂) အပိုဒ်(က)အရ အထက်လူကြီးများ ချမှတ်သည့် အမိန့်အပေါ် လေးစားလိုက်နာခြင်း မရှိဘဲ မထီမဲ့မြင်ပြုခြင်း၊ အဖွဲ့၏ ဂုဏ်သိက္ခာများ မထိခိုက် မကျဆင်းစေရေး ကာကွယ်ရန် တာဝန်ပျက်ကွက်ခြင်း နှင့် အောက်တိုဘာ ရရက်က ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗဟိုဌာနချုပ် အထက်လူကြီးများနှင့် ပြန်လည်တွေ့ဆုံရန် ခေါ် ယူသော်လည်း လာရောက်တွေ့ဆုံရန် အကြိမ်ကြိမ် ပျက်ကွက်ခြင်းများကြောင့် ထုတ်ပယ်ခြင်းဖြစ်သည် ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
ယင်းကြေငြာချက်ကို KNU/KNLA(PC) ဗဟိုဌာနချုပ်မှ ဗိုလ်မှူးကြီးစောဂျိုးဇက်က လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး တိုက်ဂါးနှင့်အဖွဲ့သည် အဖွဲ့မှ နုတ်ထွက်၍ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့သို့ စက်တင်ဘာလ နောက်ဆုံးပတ်က ဝင်ရောက်သွားခြင်း ဖြစ်ကြောင်း ၎င်း၏ ကိုယ် ရေးအရာရှိ ဒု-ဗိုလ် စောဆေးဝါးက စက်တင်ဘာ ၂၈ ရက်က မဇ္ဈိမက ပြောသည်။