ရန်ကုန်မြို့တော်ဝန် အပါအဝင် ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီဝင် ကိုးဦးစလုံးကို ပြည်သူလူထု ကသာ တိုက်ရိုက်ရွေးချယ် တင်မြှောက်သင့်သည်ဟု ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းနှင့် လွှတ်တော်အမတ်အချို့က ဝေဖန် ပြောကြားလိုက်သည်။
ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက “စည်ပင်သာယာဆိုတာ ပြည်သူနဲ့ အမြဲထိတွေ့နေရတဲ့ ကော်မတီဖြစ်တဲ့အတွက် ပြည်သူက ရွေးချယ်တဲ့ မြို့တော်ဝန်နဲ့ ကိုယ်စားလှယ်တွေပဲဖြစ်သင့်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။
လက်ရှိ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ရေးဆွဲထားသည့် ရွေးကောက်ပွဲနည်းဥပဒေတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ရွေးကောက်ပွဲတစ်ရပ် ပြုလုပ်၍ ကော်မတီဝင် ကိုးဦး ခန့်အပ်ရမည်ဟု ပြဌာန်းထားသည်။
သို့သော် ကော်မတီဝင် ကိုးဦးတွင် ပြည်သူလူထုမှ ကိုယ်စားလှယ် လေးဦးသာ ရွေးချယ်ခွင့်ရမည်ဖြစ်ပြီး မြို့တော်ဝန်ကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်ကာ မြို့တော်ဝန်မှ ကျန်လေးဦးကို သက်ဆိုင်ရာအစိုးရ အဖွဲ့နှင့် ညှိနှိုင်းကာ ခန့်အပ်ရမည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။
ယင်းအပြင် အဆိုပါ ကော်မတီဝင် ကိုးဦးတွင် မြို့တော်ဝန်က ခန့်အပ်သည့် လေးဦးမှာ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးတာဝန် ပေးအပ်ရမည်ဟု သတ်မှတ်ထားသောကြောင့် အစိုးရဘက်မှ ကိုယ်စားလှယ် အချိုးအစား ပိုယူထားသည့်အပြင် လုပ်ပိုင်ခွင့်အာဏာများကိုလည်း အစိုးရကိုယ်စားလှယ်များကို ပေးအပ်ထားသည်ဟု ရန်ကုန်တိုင်းလွှတ်တော်အမတ်အချို့က ဝေဖန်နေသည်။
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က “ပြည်သူက ရွေးချယ်ခွင့် အပြည့်မရတဲ့အပြင် လုပ်ပိုင်ခွင့်ကိုပါ အစိုးရက ယူထားတယ်။ အစိုးရအနေနဲ့က စစ်မှန်ပြီး ပြည့်ဝတဲ့ ဒီမိုကရေစီလမ်းကြောင်းကို မသွားဘဲနဲ့ တစ်ဝက်တစ်ပျက် ဒီမိုကရေစီလမ်းကြောင်းကို သွားနေတာပဲ ”ဟု ဝေဖန်ပြောဆိုသည်။
နှစ်ပေါင်း ၆၀ ကျော်အတွင်း ပြည်သူလူထုက ပထမဆုံးအကြိမ် မဲပေးရွေးချယ်ရမည့် ရန်ကုန်မြို့တော် စည်ပင် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်သော်လည်း ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန်ပြန့် သိရှိမှုမရှိသေးကြောင်း ရန်ကုန်တိုင်း လွှတ်တော် အမတ်အချို့က မဇ္စျိမကို ပြောထားသေးသည်။
ယင်းကဲ့သို့ လူထုမပါဝင်နိုင်သည့် ရွေးကောက်ပွဲကို မစီစဉ်သင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကမ်း အမှတ် ၂ မဲဆန္ဒနယ် ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင် ကဝေဖန် ထားသည်။
လက်ရှိ စီစဉ်ထားသည့် အတိုင်း ကျင်းပမည် ဆိုပါက ပြည်သူလူထုကို အခြေခံသည့် ပြည်သူ့အသံကိုကိုယ်စား ပြုမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအသစ် ဖြစ်လာနိုင်မည်မဟုတ်ဟုလည်း နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးက သုံးသပ်သည်။
၎င်းက “စည်ပင်ဆိုတာ ပြည်သူရွေးချယ်တာပဲဖြစ်သင့်တယ် ဒါပေမယ့် အစိုးရက စည်ပင်ကော်မတီအဆင့် ကိုတောင် ပြည်သူ့လက်ထဲ မထည့်ချင်တဲ့ သဘောဖြစ်နေတယ် ”ဟု ဆိုသည်။
သို့သော် ရန်ကုန်တိုင်းဒေသကြီး ကြည်မြင်တိုင် မဲဆန္ဒနယ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာ က ပြည်သူလူထုက ရွေးချယ်သည့် ကိုယ်စားလှယ် လေးဦး ကော်မတီတွင် ပါ၀င်လာမည်ဖြစ်သောကြောင့် ယခင်ကထက် ပွင့်လင်းမြင်သာမှု ရှိလာမည်ဖြစ်ပြီး ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟုလည်း ၎င်း၏ အမြင်ကို ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့်် ပြည်သူများသည် အောက်တိုဘာ ၆ ရက် မှ ၁၉ ရက်အတွင်း မြို့တော်ခန်းမတွင် စာရင်း ပေးသွင်းရမည်ဖြစ်ပြီး လူထုက ရွေးချယ်ရမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများနှင့် မဲပေးရွေးချယ်ရမည့် စည်းကမ်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးများတွင် ကြေညာပေးထားသည်။