တပ်ပေါင်းစုဖွဲ့ ပူးပေါင်းတိုက်ပွဲဝင်မည်ဆိုသည့် ကြေညာချက် အစစ်မဟုတ်ဟု ကရင်လက်နက်ကိုင်အဖွဲ့တို့ပြော

တပ်ပေါင်းစုဖွဲ့ ပူးပေါင်းတိုက်ပွဲဝင်မည်ဆိုသည့် ကြေညာချက် အစစ်မဟုတ်ဟု ကရင်လက်နက်ကိုင်အဖွဲ့တို့ပြော
by -
မဇ္စျိမ

ကရင်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ ပူးပေါင်း၍ ကော်သူးလေ တပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းကာ ဆက်လက် တိုက်ပွဲဝင်သွားမည် ဆိုသော စာကို ၎င်းတို့ မထုတ်ပြန်သကဲ့သို့ ကြေငြာချက်တွင် လတ်မှတ်ထိုးသော ပုဂ္ဂိုလ်များ၏ ရာထူး၊ လက်မှတ်နှင့် အဖွဲ့အစည်းအမည်များ မှားယွင်းနေသည်ဟု ဒီမိုကရေစီ အကျိုးပြု ကရင့်အမျိုးသား တပ်မတော် (DKBA) နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့က အောက်တိုဘာလ ၁၄ရက်တွင်  မဇ္စျိမကို ပြောသည်။

လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သော KNLA၊ KNDO၊ DKBA နှင့် KNU/KNLA PC လေးဖွဲ့သည် ကော်သူးလေ တပ်မတော်( Kawthoolei Armed Forces-KAF) အဖြစ် ပြန်လည်ဖွဲ့စည်းကာ ဆက်လက်တိုက်ပွဲဝင်သွားမည် ဆို၍ DKBA၏ စစ်ဦးစီးချူပ် ဗိုလ်ချူပ် စောလားပွယ်၊ KNU/KNLA PCမှ နယ်စပ်လုံခြံုရေးနှင့် ဖွ့ံဖြိုးရေး (အထူး) ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါး၊ KNLAမှ ဒုတိယ စစ်ဦးစီးချူပ် နှင့် KNDO မှ စစ်ဦးချူပ်တို့၏ လက်မှတ်နှင့် တံဆိပ်တုံး ရိုက်နှိပ်ထားသော ထုတ်ပြန်ကြေငြာချက် တစ်ခု အောက်တိုဘာလ ၁၃ရက်က ထွက်ပေါ်လာခြင်းကို ပြန်လည်ငြင်းဆိုခြင်းဖြစ်သည်။

"ဒီစာကို ထုတ်တဲ့လူက စစ်ကို လိုလားတဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ဖြစ်နိုင်တယ်။ KNUရဲ့ မူဝါဒက နိုင်ငံရေးကြောင့် ဖြစ်တဲ့ ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းဖို့ ချမှတ်ထားပြီးသားပါ။ လက်နက်ကိုင်တွေ ပေါင်းတယ်ဆိုရင်တောင် KNUလို့ပဲ ထိုးမှာပေါ့ ဘာလို့ အောက်ကတပ်တွေကို နှစ်ခုခွဲပြီး ထိုးမှာလဲ" ဟု ဗိုလ်မှူး ရန်နိုင်က ပြောသည်။

KNLA နှင့် KNDO တို့သည် ကရင်အမျိုးသား အစည်းအရုံး( KNU)၏ စစ်တပ်များ ဖြစ်သော်လည်း သီးသန့်အဖွဲ့များ ဖြစ်သကဲ့သို့ ခွဲ၍ လက်မှတ်ရေးထိုးထားခြင်း၊ KNLA၏ ဒုတိယ စစ်ဦးစီးချူပ်သည် လတ်မှတ်ထိုး ထားသည့် သူမဟုတ်ခြင်း နှင့် KNU/KNLA PC ၏ နေရာတွင် လက်မှတ်ထိုးထားသည့် ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးသည် PC အဖွဲ့တွင် မရှိတော့ခြင်း စသည့် ကွဲလွဲချက်များကြောင့် အဆိုပါ ထုတ်ပြန်ချက်သည် အစစ်အမှန်မဟုတ်နိုင်ဟု KNU ဥက္ကဋ္ဌ၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူး ရန်နိုင်က မဇ္စျိမကို ပြောသည်။

ထုတ်ပြန်ချက် နှင့် ပတ်သက်၍ အဖွဲ့များအနေဖြင့် ထိုကဲ့သို့ သဘောတူညီမှုများ မရှိထားကြောင်း၊ နည်းပညာများဖြင့် လက်နက်ကိုင်များကို ထိုးနှက် တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း နှင့် ထိုစာကြောင့် အစိုးရနှင့် လက်နက်ကိုင်များအကြား ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေသကဲ့သို့ မည်သူက ထိုစာအား ထုတ်ပြန်ကြောင်းကို စုံစမ်းစစ်ဆေးနေကြောင်း DKBA မှ မြဝတီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ဆိုသည်။

"အဲဒီ ထုတ်ပြန်ချက်ထဲမှာ DKBA စစ်ဦးစီးချူပ်ကို ရာထူးကို  ဗိုလ်ချူပ် စောလားပွယ်လို့ ရေးထားတယ်။ တကယ်က ဗိုလ်ချူပ်ကြီး စောလားပွယ်ပါဗျ။ လက်မှတ်ကလဲ သူ့လက်မှတ်မဟုတ်ဘူး။ နောက်လက်မှတ်ပေါ်က နေ့စွဲက ၃၀ရက် ၉လ ဖြစ်နေတယ်။ အဲအချိန်တုန်းက ကျွန်တော်တို့နဲ့ စစ်ပွဲတွေ ဖြစ်နေကြတာ။ စစ်ဦးစီးချူပ်က သူလည်း မသိဘဲ သူ့နာမည်ကြီးနဲ့ ဖြစ်နေတော့ အမှားယွင်းတွေ ဖြစ်လာမှာ အရမ်းစိတ်ပူနေတယ်" ဟု ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကော်သူးလေ တပ်မတော်(KAF)အဖြစ် ပေါင်းစည်းထားသော KNLA၊ KNDO၊ DKBA၊ KNU/KNLA PC တို့သည် တခုတည်းသော ကရင်အမျိုးသား အလံအောက်တွင် တည်ရှိနေပြီး အဖွဲ့တခုခု အပေါ် ထိပါးခြင်း၊ ကျူးကျော်တိုက်ခိုက်လာခြင်းနှင့် စော်ကားလာခြင်းများ ပြုလုပ်ခံရလာပါက အဖွဲအနေဖြင့် တသွေးတသံ၊ တညီတညွတ်တည်း တိုက်ပွဲဝင်သွားမည်ဟု ရေးသားထားသည်။

ထို့အတူ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူညီမျှရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်ပေါ်ပေါက်ရေးကို တိုင်းရင်းသား တပ်ပေါင်းစုနှင့် ပူးပေါင်း လက်တွဲ တိုက်ပွဲဝင်သွားမည်ဟုလည်း ရေးထားသည်။

Most read this week