ကော့ကရိတ်-မြဝတီလမ်း အလယ်ဗိုလ်တဲတွင် လက်နက်ကြီးကျ နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ကော့ကရိတ်-မြဝတီလမ်း အလယ်ဗိုလ်တဲတွင် လက်နက်ကြီးကျ နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
by -
မဇ္စျိမ

ကရင်ပြည်နယ်၊ ကော့ကရိတ်မှ မြဝတီသို့ သွားသည့် လမ်းမကြီးပေါ် အလယ်ဗိုလ်တဲဟု ခေါ်သည့်နေရာတွင် အောက်တိုဘာ ၁၁ ရက်နေ့လည်ပိုင်းက လက်နက်ကြီး ကျခဲ့၍ လူနှစ်ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရခဲ့သည်ဟု ကော့ဂရိတ် ဆေးရုံကြီးရှိ ဆရာဝန်တစ်ဦးက မဇ္စျိမကို ပြောသည်။

DKBA ၊ ကလို့ထူးဝါးစစ်ဌာန၊ ကော့ကရိတ်တာဝန်ခံ ဗိုလ်မှူးစောသရဲနီက အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်၍ “ဘယ်သူဘယ်ဝါ ပစ်တယ်ဆိုတာ မသိဘူး၊  ဒီနေ့ တိုက်ပွဲဖြစ်တာလည်း မရှိဘူး၊ ဘာ့ကြောင့် ပစ်လဲဆိုတာလည်း စုံစမ်းဆဲပါ" ဟု ပြောသည်။

ယင်းပစ်ခတ်မှု ဖြစ်ခဲ့သည့် အလယ်ဗိုလ်တဲ နေရာအနီးတစ်ဝိုက်တွင် တပ်မတော်၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC)) တို့ ရှိသည်ဟု ဗိုလ်မှူး စောသရဲနီက ပြောသည်။

စစ်တပ်များ၏ သဘောသဘာဝ အရ လက်နက်ကြီးမှာ အထက်မှ အမိန့်ရမှသာ ပစ်ခွင့်ရသည်ဟုလည်း ၎င်းက ဆိုသည်။