ဒီကေဘီအေနှင့် အစိုးရတပ် ပစ်ခတ်မှုထပ်မံဖြစ်ပွား

ဒီကေဘီအေနှင့် အစိုးရတပ် ပစ်ခတ်မှုထပ်မံဖြစ်ပွား
by -
မဇ္စျိမ

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်အတွင်းရှိ ကောင်းမှုရွာအနီးတွင် အောက်တိုဘာ ၁၀ ရက်နံနက် ၁၀ နာရီမှစတင်၍ တစ်နာရီခွဲအကြာ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ) ကလို့ ထူးဝါးဗျူဟာ မှတပ်ဖွဲ့ဝင်များနှင့် မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ် (စကခ-၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင် များ အကြားပစ်ခတ်မှုဖြစ် ပွားခဲ့သည်ဟု ဒီကေဘီအေ ကော့ကရိတ်ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး စောသ ရဲနီက ပြောသည်။

“ဒီနေ့မနက် ၁၀ နာရီမှာစဖြစ်ပြီး ၁၀ နာရီ ၂၅ မိနစ်လောက်မှာ တိုက်ပွဲပြီးသွားပါတယ်။ ကျွန်တော် တို့ ဘက်မှာ ထိခိုက်ကျဆုံးမှုတော့ မရှိပါဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ရှောင်ရင်း ထိပ်တိုက်တိုးပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ပါ။ အပစ်အခတ်ရပ်စဲရေးအတွက် အထက်ကလူကြီးတွေ ဆွေးနွေးနေတဲ့ အချိန်မှာ ကျွန်တော်တို့ အောက် ဘက်က လူတွေကလည်း တတ်နိုင်သမျှ တိုက်ပွဲတွေ မဖြစ်အောင် ထိန်းချုပ်ဖို့လိုပါတယ်”ဟု ၎င်းက ပြော သည်။

DKBA

အဆိုပါတိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် နယ်စပ်ရေးရာလုံခြံုရေး ဝန်ကြီးဗိုလ်မှူးကြီး အောင်လွင်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်းမရှိပေ။

တပ်မတော် ခြေလျင်တပ်ရင်း ၂၇၅ က စက်တင်ဘာ ၁၄ ရက်တွင် မြဝတီမြို့အတွင်း လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို ယူနီဖောင်းနှင့်တကွ လက်နက်ကိုင်ဆောင်မှုမပြရန် သတိ ပေးပြီးနောက် ယင်းသို့ ပဋိပက္ခများစတင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒီကေဘီအေသည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာတွင် ပဏမအပစ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ဖြစ်သည်။ ယင်းနောက် ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် လေးကြိမ် တပ်မတော်နှင့် ရင်ဆိုင် ထိတွေ့မှု ဖြစ်ဖူးသည်။

ထို့ပြင် အစိုးရတပ်မတော်နှင့် (SSPP/SSA) တို့ အောက်တိုဘာလ ၂ ရက်တွင် ကျေးသီးမြို့နယ် တာဖာ ဆောင်ဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်မှ တပ်မတော်သား ၁၁ ဦး ကျဆုံးခဲ့ သည်။