ရန်ကုန်မြို့ပတ် ရထားခကို ကျပ် ၁၀၀ ကောက်ခံနေရာမှ ခရီးသည်များက စတင်စီးသည့် ဘူတာမှ ၁၅မိုင် အတွင်း စီးပါက ကျပ် ၅၀ နှုန်းဖြင့် ဝယ်စီးနိုင်ရန် နိုဝင်ဘာ ၁ရက်မှ စတင်ကာ စျေးနှုန်း ပြောင်းလဲရောင်းချ မည်ဟု မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။
"အရင်က မြို့ပတ်ရထား အသွား/အပြန် လက်မှတ်ကို တစ်ရာကျပ်နဲ့ ခရီးသည်က တစ်ခါတည်း ဝယ်ထားရတယ်။ အခုခရီးစဉ် တစ်ပိုင်းကို ၅၀ ကျပ်နဲ့ ဝယ်ပြီး စီးနင်းလို့ရပါပြီ။ အပြန်ကို ရထားပြန်စီးမှ ၅၀ ကျပ်နဲ့ ထပ်ဝယ်လို့ ရပါတယ်" ဟုပြောသည်။
ရန်ကုန် မြို့ပတ်ရထားနှင့် ဆင်ခြေဖုံးတစ်လျှောက် ပြေးဆွဲနေသည့် ရိုးရိုးရထားများအတွက် စျေးနှုန်းပြင်ဆင် ပေးခြင်းဖြစ်ပြီး အထူးရထားနှစ်စီးနှင့် အဲယားကွန်းတပ် ရထားသုံးစီး၏ လက်မှတ် စျေးနှုန်းများကိုမူ ပြောင်းလဲခြင်းမရှိဟု ၎င်းက ဆိုသည်။
မြို့ပတ် ရိုးရိုးရထား၊ အဲယားကွန်းနှင့် အထူးရထားများ အပါအဝင် မြို့ပတ်ရထား၂၃ စီးမှ ရရှိသည့် ဝင်ငွေသည် တစ်ရက်လျှင် ကျပ်သိန်း ၈၀ ကျော်ရရှိပြီး ရိုးရိုးရထားစီးခရီးသည်မှာ တစ်ရက်လျှင် ၄၀,၀၀၀ မှ ၅၀,၀၀၀ အထိရှိသည်။
မြန်မာ့မီးရထား (သွားလာ)မှ အထွေထွေမန်နေဂျာ ဦးဇော်ဖေစိန်က "မီးရထားက တစ်ရက်ကို သိန်းရှစ်ဆယ် ကျော် ဝင်ငွေရှိပါတယ်။ ဒါပေမဲ့ မီးရထားများ မောင်းနှင်ရာတွင် သုံးတဲ့ဆီဖိုးတင် တစ်ရက်ကို ဆယ်သိန်း အထိရှိတယ်။ မီးရထားတွဲ ပြင်ဆင်ရတာတွေ၊ ဝန်ထမ်းတွေရဲ့ လုပ်အားလစာ၊ ရထားလမ်း ပြုပြင်ရတာနဲ့ အခြားရထားအတွက် ကုန်ကျစရိတ်တွေကို တွက်ချက်ရင် ရထားနဲ့ ခရီးသွားလာရေး လုပ်ငန်းကို မြန်မာ့မီးရထားက အရှုံးခံပြေးဆွဲနေရပါတယ်" ဟု ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထား ပို့ဆောင်ရေးလုပ်ငန်းများအတွက် မြန်မာ့မီးရထားက တစ်ရက်လျှင် ကျပ်သိန်း ၉၀ ခန့် အထိ စိုက်ထုတ်သုံးစွဲနေရသည်ဟု ၎င်းက ဆိုသည်။