အစိုးရနှင့် SSPP/SSA တပ်တို့ တိုက်ခိုက်မှုများ ထပ်မလုပ်ရန် သဘောတူ

အစိုးရနှင့် SSPP/SSA တပ်တို့ တိုက်ခိုက်မှုများ ထပ်မလုပ်ရန် သဘောတူ
by -
မဇ္စျိမ

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ အောက်တိုဘာ ၆ ရက်မှ စတင်၍ နှစ်ဘက် သဘောတူ အပစ်အခတ်ရပ်စဲခဲ့ကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်းက မဇ္စျိမကို ပြောသည်။

၎င်းက "သူတို့တပ်တွေ ပြန်ဆုတ်တဲ့အချိန်မှာ ဆွဲမိုင်းဆွဲတာတွေ ချုံခိုတိုက်တာတွေ မလုပ်ဖို့ဆိုပြီး အကြောင်းကြားတယ်။ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေ မလုပ်ဖို့ ညွှန်ကြားလိုက်ပါတယ်" ဟု ပြောသည်။

RCSS-Army-1

ကျေးသီးမြို့နယ် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက "တိုက်ပွဲတွေတော့  ငြိမ်သက်သွားပြီ။ တပ်မတော်ဘက်က ကျဆုံးသွားတဲ့ လူတွေကို လဲချားမြို့နယ် သချုႋင်းကုန်းမှာ မနေ့က သဂြိုလ်ခဲ့တယ်" ဟု မဇ္စျိမကို ပြောသည်။

အစိုးရတပ်မတော် နှင့် (SSPP/SSA) တို့သည် အောက်တိုဘာလ ၂ ရက်တွင် ကျေးသီးမြို့နယ် တာဖာဆောင် ဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်မှ တပ်မတော်သား ၁၁ ဦး ကျဆုံးခဲ့သည်ဟုလည်း ၎င်းကပြောသည်။

အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် တိုက်ပွဲများ ရပ်တန့်သွားပြီဖြစ်၍ ကျေးသီးမြို့နယ်ရှိ ကျေးရွာများ၌ တည်ငြိမ်လျက်ရှိကြောင်း ကျေးသီးမြို့ခံ စိုင်းစံမိန်းပြောသည်။

ရှမ်းပြည်နယ်အတွင်း  ကျေးသီး၊ နောင်ချို၊ ကျောက်မဲ၊ မိုင်းရယ်၊ နမ့်လန်မြို့နယ်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မိုင်းရှုး - မိုင်းရယ်ကားလမ်းကို အစိုးရစစ်တပ်မှ ပိတ်ပင်ထား၍ ကုန်ကားများ သွားလာခွင့်မရကြောင်း SSPP ဘက်က ဆိုသည်။

တိုက်ပွဲများဖြစ်ပွားခဲ့သော ကျေးသီးမြို့နယ်အတွင်းတွင် လက်တလောတိုက်ပွဲများ ရပ်တန့်သွားပြီဖြစ်ပြီး ကျေးရွာများသို့ ထိခိုက်ခြင်းမရှိ၍ စာသင်ကျောင်းများပိတ်ရခြင်း၊  စစ်ဘေးရှောင်ဒုက္ခသည်များ အဖြစ် ရှောင်တိမ်းနေရခြင်းတို့ မရှိဟုလည်း ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မိန်းက ပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေချိန်တွင် တိုက်ပွဲများဖြစ်ပွားရခြင်းသည် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်အတွက် အတားအဆီးဖြစ်စေကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) မှ ခေါင်းဆောင် နိုင်ဟံသာက စက်တင်ဘာလ အတွင်း ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြောကြားထားသည်။