ပညာရေး၊ ကျန်းမာရေး နယ်ပယ်များတွင် စံချိန်စံညွှန်းမမီသည့် အဆောက်အအုံများ တည်ဆောက်ခြင်း များရှိပါက နိုင်ငံတော် သမ္မတထံတင်ပြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ညွန်ကြားချက်အတိုင်း သီးတင်ကျွတ် လွှတ်တော်ဖွင့်ရက်အပြီး တင်ပြရန် လွှတ်တော်ကိုယ်စားလှယ်များ အချက်အလက်များစုဆောင်းနေပြီ ဖြစ်သည်။
မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် ၁၂၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက "ကျွန်တော့်မဲဆန္ဒနယ်မှာ အဲဒီလို အဆောက်အအုံတွေရှိနေတယ်၊ ကျွန်တော်ကတော့ အနည်းဆုံးငါးခုလောက် လွှတ်တော် ဥက္ကဋ္ဌဆီ တင်ပြသွားပါမယ်’’ ဟု တယ်လီဖုန်းမှတစ်ဆင့်ပြောသည်။
ယင်းကဲ့သို့တင်ပြရာတွင် ကုမ္ပဏီအမည်နှင့် လုပ်ဆောင်သူများ မည်သူဖြစ်သည်မှာ အဓိက မကျဘဲ မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ဆိုသည်ကို တိတိကျကျ တင်ပြသွားမည်ဟု ၎င်းက ပြောသည်။
၎င်းက "အဓိက ကတော့ ကန်ထရိုက်အဆင့်ဆင့်ပေးတာကြောင့် ဒီလိုမျိုးစံချိန်မမီတာတွေ၊ အဂတိလိုက်စား တာတွေဖြစ်နေတာ’’ ဟု ဖြည့်စွက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ၎င်း၏မဲဆန္ဒနယ် ဖြစ်သော ရန်ကင်း၊ သင်္ကန်ကျွန်းနှင့် တောင်ဥက္ကလာပမြို့နယ်များရှိ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ၏ ကုန်ကျစရိတ်၊ ပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်း စသည့် အချက်အလက်များကို လွှတ်တော်မှတစ်ဆင့် ပြည်ထောင်စုအစိုးရထံ မေးမြန်းထားသည်ဟု ဆိုသည်။
ဦးခင်အောင်မြင့်က နိုင်ငံတော်ဘက်ဂျက်ဖြင့် ဆောက်လုပ်သည့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက် အအုံများ စံမမီသည့်ကိစ္စအား “ကန်ထရိုက်ရတဲ့ သူကဆောက်တာ မဟုတ်ဘဲနဲ့ ကန်ထရိုက်ရတဲ့သူက အဆင့်ဆင့်လွှဲပြီး ဆောက်တာပေါ့။ ဘာနဲ့တူသလဲဆိုတော့ ပွဲစျေးတန်းထဲမှာ ဆီးသီးဗန်း မှောက်ကျသလိုပဲ။ သူက ဆီးသီးရောင်းမလို့ ဆီးသီးဗန်းနဲ့ သွားတာပဲ။ မှောက်လည်း မှောက်ရော ဟိုလူက တစ်ဆုပ်ပ်နှိုက်စား ဒီလူက တစ်ဆုပ်နှိုက် စားနဲ့ တစ်ဝက်လောက်ပဲ ကျန်တယ်။ ဘတ်ဂျက်ကိစ္စက အဲဒီလို ဖြစ်နေတာပေါ့” ဟု စက်တင်ဘာလအတွင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းပြောကြားချက်အား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ယင်းကိစ္စအား အထောက်အထားဖြင့် သက်သေပြရန် ပြည်တွင်းမီဒီယာအချို့အား ပြောကြားခဲ့ပြီးနောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက သက်ပြေပြရန် ကိုယ်စားလှယ်များအား ညွန်ကြားခဲ့သည့်အတွက် ယခုကဲ့သို့ အချက်အလက်များစုဆောင်းနေခြင်းဖြစ်သည်။