မြို့နယ်လေးခုရှိ တရားရုံးများက ပုဒ်မ ၁၈၊ စည်ပင်ဥပဒေပုဒ်မ ၆၈ စသည့် ပုဒ်မများဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည့် မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်း၏ အယူခံဝင်မှုကို အနောက်ပိုင်း ခရိုင်တရားရုံး၌ အောက်တိုဘာ ၁၄ ရက်တွင် စတင် စစ်ဆေးသွားမည်ဟု မိကျောင်းကန် သပိတ်စခန်းမှ ဒေါ်စောစန္ဒာက မဇ္ဈိမကို ပြောသည်။
ဦးစိန်သန်းကို လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်းနှင့် ဗဟန်းမြို့နယ် တရားရုံးများက ပုဒ်မ ၁၈၊ လသာ စည်ပင် တရားရုံးက စည်ပင်ဥပဒေပုဒ်မ ၆၈ ဖြင့် စုစုပေါင်း ထောင်ဒဏ် နှစ်နှစ်ချမှတ် ခံထားရခြင်း ဖြစ်ပြီး ပုဒ်မ ၁၈ အယူခံဝင်ထားမှုကို စတင် စစ်ဆေးမည် ဖြစ်သည်။
“ပုဒ်မ ၁၈ အတွက် အယူခံဝင်ထားမှုကို ဒီနေ့စစ်မယ်ဆိုပြီး ချိန်းထားပေမယ့် အမှုတွဲ စာရွက်တွေ မစုံသေး လို့ အောက်တိုဘာ ၁၄ ကို ရွှေ့လိုက်တာပါ။ စည်ပင်အမှုကိုလည်း ရ ရက်မှာ အယူခံဝင်ဖို့ ပြင်ဆင်နေပါ တယ်” ဟု အောက်တိုဘာ ၃ ရက်တွင် ဒေါ်စောစန္ဒာက ပြောသည်။
ဦးစိန်သန်းကို မြို့နယ်လေးခုရှိ တရားရုံးများက ထောင်ဒဏ် ချမှတ်ပြီးနောက် ၎င်း၏ သမီးဖြစ်သူ မနေနွယ် သန်း အပါအဝင် မိကျောင်းကန်ပြည်သူ ငါးဦးကိုလည်းပုဒ်မ ၁၈ဖြင့် စက်တင်ဘာ ၁၀ရက်တွင် ပန်းဘဲတန်း မြို့မရဲစခန်းက အမှုဖွင့်ထားသည်။
မိကျောင်းကန် ဆန္ဒပြပြည်သူများသည် ၂၀၁၃ နိုဝင်ဘာ ၂ ရက်မှ ၁၀ ရက်အထိ မြို့တော်ခန်းမရှေ့တွင် တစ်ကြိမ်၊ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာ လမ်းမပေါ်တွင် တစ်ကြိမ် သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်ခဲ့ပြီး လမ်းလျှောက် ဆန္ဒဖော်ထုတ်မှုမှာ ခုနစ်ကြိမ်ထက် မနည်း ရှိခဲ့သည်။
ထို့ပြင် ယခုနှစ်မတ်လအတွင်းမှ စတင်၍ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံအနီးတွင် သပိတ် စခန်း ဖွင့်ထားသည်မှာ ၁၉၄ ရက်ရှိနေပြီဖြစ်ပြီး အောက်တိုဘာ ၃ရက်တွင် သပိတ်စခန်းကို အပြီးဖယ်ရှား ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးမှ အကြောင်းကြား ထားသည်။