ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဂွတ်ကျေးရွာမှ ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံထားရသည့် အစိုးရတပ်မှ ရဲဘော်ကောင်းဘိုဘိုအမှုကို အောက်တိုဘာလ ၂ ရက်က မူဆယ်ခရိုင်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ထိုအမှုကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး အောက်တိုဘာ ၂ရက် ရုံးချိန်းတွင် ကွတ်ခိုင်မြို့နယ်မှ ဆရာဝန် ဒေါက်တာ ဝင့်ဝင့်မြိုင်နဲ့ တရားခံ ရဲဘော် ကောင်းဘိုဘို တည်းခဲ့သော အိမ်ရှင်တို့ကို စစ်ဆေးခဲ့သည်ဟု တရားလို၏ ရှေ့နေ ဒေါ်ရွယ်ဂျားက မဇ္စျိမကို ပြောသည်။
“ဆရာဝန်က ပြဿနာဖြစ်တုန်းက သူစစ်ဆေးတွေ့ရှိချက်တွေကို ထွက်ဆိုတယ်။ သူဆေးရုံမှာပဲမဟုတ်ပဲ ကလေးရဲ့ သက်သေခံ ဘောင်ဘီကအစ အကုန်လုံး ဓါတုဗေဒကို ပို့ပြီး စစ်တာ။ အဲဒီမှာက သုတ်ပိုးတွေ တွေ့တယ်လို့ ဖြေကြားထားတယ်။ စာရွက်စာတမ်းအကုန်ရှိတယ်။ ဘာမှ ပိုစရာမရှိဘူး”ဟု ရှေ့နေဒေါ်ရွယ်ဂျားက ပြောသည်။
အဓမ္မမှု ကျူးလွန်ခဲ့သည့် ရဲဘော် ကောင်းဘိုဘို တည်းခဲ့သော အိမ်ရှင်ကမူ သူ့အိမ်တွင် ရဲဘော် သုံးဦး လာရောက် တည်းခိုသော်လည်း မည်သူများ ဖြစ်သည်ကို မမှတ်မိကြောင်းသာ ထွက်ဆိုခဲ့သည်ဟု သူက ဆိုသည်။
မူလက ၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်က စစ်ဆေးမည် ဖြစ်သော်လည်း တရားရုံးသို့ ရောက်လာခြင်း မရှိသဖြင့် အောက်တိုဘာ ၂ရက်တွင် စစ်ဆေးခဲ့ပြီး လာမည့် အောက်တိုဘာ ၁၀ရက်တွင် ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်သည်။
ရဲဘော် ကောင်းဘိုဘိုကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆ (မုဒိန်းမှု)နှင့် သဘောမတူဘဲ ခိုးယူပေါင်းသင်းမှု ပုဒ်မ ၃၆၃ တို့ဖြင့် တရားစွဲဆိုထားပြီး ပထမ ရုံးချိန်းတွင် မူဆယ်ခရိုင် တရားသူကြီး ဦးခင်မောင်ဝင်းက မိန်းကလေးငယ်၏ မိဘများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို စစ်ဆေးမေးမြန်းခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်တွင် အစိုးရ၏ နယ်မြေခံ တပ်ရင်း ၅၆၇ မှ ရဲဘော်ကောင်းဘိုဘိုက မိန်းကလေးငယ် စျေးဝယ်ပြီး အိမ်သို့အပြန်လမ်း တစ်နေရာတွင် အဓမ္မပြုကျင့်ခဲ့သဖြင့် တရာခံ ကောင်းဘိုဘိုကို စည်းကမ်း ဖောက်ဖျက်မှုဖြင့် စစ်ခုံရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။
သို့သော် ကာယကံရှင်၏ မိဘများက မကျေနပ်သဖြင့် ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့် ယဉ်ကျေးမှု အမျိုးသမီးအဖွဲ့ထံ အကူအညီတောင်းဆို၍ အမှုဖွင့် တိုင်ကြားခဲ့သည်။ ရဲဘော် ကောင်းဘိုဘိုကို အစိုးရ စစ်ခုံရုံးမှ ပြစ်ဒဏ် တစ်နှစ်ချမှတ်သော်လည်း အရပ်ဘက်တရားရုံးသို့ လွဲပြောင်းပေးပါရန် ထပ်မံ တောင်းဆိုခဲ့ရာ ယခု တတိယအကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။