တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အမြန်ဆုံး အပြီးသတ်ချုပ်ဆိုပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရည်ရွယ်ကာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ဆောင်ရွက်ရန် လိုအပ်သည်ဟု ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး Kobia က အောက်တိုဘာ ၂ ရက်က တိုက်တွန်းခဲ့သည်။
ဥရောပသမဂ္ဂ (EU) သံအမတ်ကြီးနှင့် EU အဖွဲ့ဝင် နိုင်ငံများက စက်တင်ဘာ ၂၉ ရက်တွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်တို့ တွေ့ဆုံဆွေးနွေးအပြီး အောက်တိုဘာ ၂ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး Kobia က “လက်ရှိ ညှိနှိှုင်းမှှုတွေ အရေးကြီးပုံနဲ့ ရှှုပ်ထွေးမှှုရှိပုံကို EU က နားလည်ပါတယ်။ ညှိနှိှုင်းနေကြတဲ့ အဖွဲ့တွေရဲ့ ပါဝင်အားထုတ်မှှုတွေဟာ ရိုးရှင်းနေပြီးတော့၊ အားလုံးဟာ ဆွေးနွေးမှှုတွေရဲ့ အကျိုးကျေးဇူးကို၊ အကြီးအကျယ် တိုးတက်ပြောင်းလဲမှှုကနေ တစ်ဆင့် ရိတ်သိမ်းဖို့ အခုထိုက်တန်နေကြပါပြီ"ဟု သံအမတ်ကြီး Kobiaက ပြောကြားလိုက်သည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်ကို အစိုးရနှင့် NCCT တို့ ညှိနှိုင်းမှုများ လုပ်နေဆဲဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့တွင် ဆဋ္ဌမအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုခဲ့သော်လည်း တစ်စုံတစ်ရာ သဘောတူညီမှု မရရှိဘဲ ဆွေးနွေးပွဲ အပြီးသတ်လိုက်ရသည်။
အပစ်ရပ်မူကြမ်း သဘောတူညီမှု အပြီးသတ်ရန် အပစ်ရပ်စဲရာတွင် နှစ်ဖက်တပ်များ အပြန်အလှန်လိုက်နာရမည့် စစ်သည်တော်ဆိုင်ရာ ကတိကဝတ်များ၊ အပစ်ရပ်ပြီးနောက်နှင့် နိုင်ငံရေးဆွေးနွေးပွဲ မစတင်မှီ ကြားကာလ အတွင်းတပ်နေရာချထားရေး၊ တိုင်းရင်းသား လက်နက်ကိုင် တပ်များမှ တပ်သားသစ် မစုဆောင်းရေး၊ပစ်ခတ်မှုပြန်လည်မဖြစ်ပွားစေရန် နှစ်ဖက်ပူးပေါင်းစောင့်ကြည့် ကော်မတီများ ဖွဲ့စည်းရေး၊ အပစ်ရပ်စာချုပ်တွင် ပါဝင်လတ်မှတ်ရေးထိုးမည့်သူများ ရွေးချယ်ရေး၊ အပစ်ရပ်ပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်မည့်အစုအဖွဲ့ဆိုင်ရာ ကိစ္စရပ်များ ကျန်ရှိနေသေးသည်။
ယင်းအတွက် အောက်တိုဘာလထဲတွင် နောက်ထပ် ညှိနှိုင်းမှုများ ထပ်မံပြုလုပ်ရန် သဘောတူထားသည်ဟု လည်း EU သံအမတ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဥရောပ သမဂ္ဂက ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ယူရိုငွေ သန်း ၉၀ ကျော် ထောက်ပံ့ရန် လျာထားထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လွယ်ကူချော့မွေ့ရေး၊ ပဋိပက္ခအကျိုးဆက် ဒဏ်ခံရသည့် ဒေသများတွင် နေထိုင်သူတွေကို အကူညီပေးရေး၊ နိုင်ငံရေးဆွေးနွေးမှု အကောင်အထည်ဖော်ရေးနှင့် အပစ်ခတ်ရပ်စဲမှုဆိုင်ရာ စောင့်ကြည့်ရေး ကိစ္စရပ်များတွင် ဆက်လက်ကူညီသွားမည်ဟု ထုတ်ပြန်ထားသည်။